သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး INGO တွေနဲ့ ကိုဖီအာနန်ဆွေးနွေး


ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်
ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ ရခိုင်ပြည်နယ်အရေးကူညီနေတဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ INGO တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ကူညီထောက်ပံ့ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲနောက်ပိုင်းမှာတော့ မူဆလင်၊ရခိုင်ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အကြံပေးကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ဟာ သောကြာနေ့ ရခိုင်ပြည်နယ်ခရီးစဉ်မစတင်မီမှာ ဒီကနေ့ ရန်ကုန်မြို့မှာ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ INGO၊ နှစ်ဖက် လူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊တွေ့ဆုံနွေးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်း INGOအဖွဲ့တွေနဲ့ ဆွေးနွေးတဲ့အခြေအနေကိုတော့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါ်စောခင်တင့်က အခုလို ပြောပါတယ်။

“အဓိကတော့ အခု ဒီ ရခိုင်ပြည်နယ် မောင်တောမှာဖြစ်နေတဲ့ အပေါ်မှာ NGO တွေ INGO တွေ အဖွဲ့တွေနဲ့ပေါ့နော် ၂ ဖက်လူ့အဖွ့ဲအစည်းတွေကို အထောက်ပံ့ပေးတဲ့နေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ပေးရမယ်၊ ဘာတွေကဖြစ်နေတယ် အဲဒီအပေါ်မှာတော်တော်လေး ဆွေးနွေးကြပါတယ်။ ဟုတ်ကဲ့ သူတို့ နဲ့တွေ့လို့ဆွေးနွေးတာက ၂ ဘက် မျှမျှတတ ၅၀၊၅၀ ပေးတယ်ဆိုပြီးတော့ ဆွေးနွေးသွားတာပါပဲ။”

အဲဒီနောက်မှာ ရခိုင်လူမှုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အဓိက ဆွေးနွေးတဲ့ အချက်တွေကို ဒေါ်စောခင်တင့်က အခုလိုဆက်ပြောပါတယ်။

“ရခိုင်ဝန်ကြီးနဲ့ ရခိုင်လူကြီးတွေ လာတွေ့ပါတယ်။ တိုင်းရင်းသား ဖြစ်မူမဖြစ်မူ၊ နိုင်ငံသား ဖြစ်မူမဖြစ်မူ၊ နောက်ပြီးတော့ ၈၂ ခုနှစ် ဥပဒေမှာပါတဲ့ အရေးကြီးတဲ့ အကြောင်းအရာတွေပေါ်မှာ အများကြီးဆွေးနွေးကြပါတယ်။ အထူးသဖြင့်တော့ နိုင်ငံတကာ မီဒီယာတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုအပေါ်မှာ ရခိုင်တွေရဲ့ခံစားရချက်တွေ ဒါတွေကို မဖြစ်အောင် ဒါတွေကို ဘယ်လိုလုပ်သင့်တယ် အဲဒါမျိုးတွေ ဆွေးနွေးတာအများကြီးပါပါတယ်ရှင့်။”

ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခြေအနေကိုတော့ဒီတွေ့ဆုံပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးကျော်စိုးအောင်က ဆွေးနွေးခဲ့တဲ့အချက်တွေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဓိက လူမျိုးစု ၂ စု ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ရေးကို ဦးစားပေး ဆွေးနွေးကြတယ်။ ဆွေးနွေးကြတယ်ဆိုတာက မြေပြင်ပိုင်းကနေစပြီးတော့ ၂ ဘက် community ကို ဦးစားပေးပြီးတော့ ကျနော်တို့ ဆွေးနွေးပွဲလုပ်တာတို့ ၊ စာကြည့်တိုက်တည်ထောက်တာတို့ ကျနော်တို့ အောက်ခြေအဆင့် ၂ ဘက် community ကိုခေါ်ပြီးတော့ ဆွေးနွေးမူလုပ်ကြတာ၊ ရခိုင်ဘက်မှာရော ၊သက်ဆိုင်ရာ ရခိုင်မှာရှိတဲ့ မြို့နယ်ဘက်မှာရော အဲဒီအတိုင်းလုပ်ဖို့ ကျနော်တို့က အဆိုလည်းပြုတယ်။ ဒီ ကိုဖီအာနန်ကော်မရှင်ကနေပြီးတော့ အဲဒါကို တော်တော်လေး သဘောကျပုံပေါ်ပါတယ်။ဒီရခိုင်ဘက်ကလည်း အဲဒါကို ဦးစားပေးပြီးတော့ တစိုက်မတ်မတ် Meeting လုပ်ဖို့ ကို ကျနော်တို့က အဆိုပြုခဲ့ပါတယ်ခင်ဗျ။”

ကိုဖီအာနန်ရဲ့ ၉ရက်ကြာမြင့်မယ့် မြန်မာပြည်ကို ခရီးစဉ်မှာတော့ မနက်ဖန်မှာဆိုရင် ရခိုင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ရောက်ရှိစဉ်မှာ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိသလို လက်ရှိ ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်၊ မောင်တောနဲ့ အခြား မြေပုံ၊မြောက်ဦးမြို့တွေကို သွားရောက်မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်မှာတော့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပေးကော်မရှင်နဲ့ တွေ့ဆုံမှာမဟုတ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။

ဒီလ ၅ရက်နေ့မှာတော့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့စီစဉ်ထားပြီး မပြန်ခင်တရက်မှာ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲကျင်းပမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG