သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသမှာ မဲဆန္ဒရှင်စာရင်း ပြုစုနေပြီ


An airplane of German air carrier Lufthansa passes the moon over Frankfurt, Germany, April 9, 2017.
An airplane of German air carrier Lufthansa passes the moon over Frankfurt, Germany, April 9, 2017.

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကိုးကန့်ဒေသထဲနယ်မြေတည်ငြိမ်စပြုလာပြီး ဒုက္ခသည်တွေလည်း ပြန်လာနေပြီမို့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲဆန္ဒရှင်စာရင်းပြုစုဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ကိုးကန့်ဒေသ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေချိန်မှာပဲ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဘက်မှာတော့ မဲပေးနိုင်ခွင့်ရှိတဲ့ နိုင်ငံသားအရေအတွက် လုံလောက်မှုမရှိတဲ့အတွက် ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်ဘူးလို့ ဝပြောခွင့်ရက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။

ဖေဖော်ဝါရီလဆန်းကစလို့ လေးလကျော်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသထဲမှာ အခုဆိုရင် တိုက်ပွဲတွေက အတန်ငယ်ငြိမ်သက် သွားပြီဖြစ်လို့ နယ်မြေတည်ငြိမ်အေးချမ်းစပြုလာနေလို့ ကိုးကန့်ဒေသထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေဘက်က ကိုးကန့်ပြည်သူတွေ ရဲ့မဲဆန္ဒရှင်စာရင်းကောက်ယူနိုင်တော့မှာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ညွန်ကြားချက်နဲ့ နယ်မြေတည်ငြိမ်မှုရှိလာရင် ကျင်းပနိုင်ဖို့အရေး ကော်မရှင်ဘက်က ဆောင်ရွက်နေတဲ့အကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဲစာရင်းပြုစုရေးတာဝန်ခံ ဦးဝင်းကြည်က အခုလိုပြောပါတယ်။

“အခုလောလောဆယ်ကတော့ ဥက္ကဋ္ဌကြီးပြောထားတယ်။ မဲစာရင်းကောက်မယ်ဆို ကောက်ဖို့၊ နောက်ထပ်အခြေအနေကတော့ နောက်ထပ်အခြေအနေပဲ။ အခြေအနေဆိုတာ စစ်ရေးအခြေအနေဆိုတာ ပြောလို့မရဘူး-နော်။ အခုလောလောဆယ်တော့ မဲစာရင်း ကောက်ဖို့ ကြိုးစားနေတယ်။ အခု မဲစာရင်းကောက်ထားတဲ့နယ်မြေတွေလည်း တကယ်လို့ အကြောင်းတခုခုကြောင့် ရွေးကောက်ပွဲ ချိန် လို့ တရားမျှတပြီးတော့ လွတ်လပ်တဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးဆိုရင် အဲဒီနယ်မြေတွေကို လုပ်မှာ မဟုတ်ဘူး။ လောလောဆယ်တော့ မဲစာရင်းကောက်နေတယ်။ ကျန်တာ နောက်ထပ် မပြောနိုင်ဘူး။ မဲဆန္ဒနယ်တနယ်မှာ မငြိမ်းချမ်းဘူး၊ ဆူပူနေတယ်။ ဒါမှ မဟုတ်လို့ရှိရင် တခုခုကို ခြိမ်းခြောက်ပြီး မဲဆန္ဒရှင်တွေကို အခြိမ်းခြောက်ခံနေရတယ်၊ စသည်ဖြင့် အဲဲဒါမျိုးတွေလုပ်ရင် ပြောလို့မရဘူး။”

ကိုးကန့်ဒေသထဲ ကိုးကန့်တပ်ဘက်က တဘက်သတ် အပစ်ရပ်ကြေညာသလို အစိုးရဘက်ကလည်း ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ရှိတဲ့အတွက် နယ်မြေတည်ငြိမ်စပြုလာပြီး စစ်ပြေးဒုက္ခသည်တွေလည်း ပြန်လာနေလို့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အရေး မဲဆန္ဒရှင် စာရင်းပြုစုနိုင်ဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းကူညီဆောင်ရွက်နေကြတယ်လို့ ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးဟော်ရှောက်ချမ်း ကပြောပါတယ်။

ဖြေ။ ။ ကျင်းပနိုင်တယ်။ အေးအေးဆေးဆေး ကျင်းပနိုင်တယ်။ လောက်ကိုင်ဒေသဆိုတော့ လောက်ကိုင်၊ နောက် ကုန်ကြမ်းမြို့နယ်…။ ၂ ခုစလံုံး ကျင်းပလို့ရတယ်။ ကုန်ကြမ်း….မြို့နယ်ရယ်၊ လောက်ကိုင်မြို့နယ်ရယ်။ ဘယ်လိုမှ အနှောင့်အယှက် မရှိဘူး။

မေး။ ။ အဲဒီတော့ မဲဆန္ဒရှင် စာရင်းပြုစုမှုတွေကရောရှင့်။

ဖြေ။ ။ အဲ့တာလုပ်လို့ရတယ်။ အဲဒါမျိုးက မခက်ပါဘူး။ ပြုစုဖို့ မခက်ပါဘူး။

မေး။ ။ အဲဒီတော့ ဒုက္ခသည်တွေကလည်း ပြန်လာနေပြီလားရှင်။

ဖြေ။ ။ လောက်ကိုင်တော့ ပြန်လာတယ်။ ချင်းရွှေဟော်တို့ကပြန်လာတယ်။ ကုန်းကြမ်းဘက်က တချို့တဝက်ပဲ ပါလာသေးတယ်။

မေး။ ။ အဲဒီတော့ အခု ပြန်လာနေပြီဆိုတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့စာရင်းကိုလည်း ကောက်လို့ရနေတဲ့အနေအထား ဖြစ်နေပြီပေါ့၊ အဲလိုမျိုးလားရှင့်။

ဖြေ။ ။ ကောက်လို့ရပြီ။ ကောက်လို့ရပြီ။ သူက အိမ်ထောင်စုစာရင်းမှာပါတဲ့သူက ပြန်လာပြီလေ။ ကောက်လို့ရပြီ။

ဝ ဒေသနဲ့ ကိုးကန့်ဒေသတွေမှာတော့ လတ်တလော အခြေအနေတွေကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိဘဲ ရွေးကောက်ပွဲမတိုင်ခင် နယ်မြေအေးချမ်းလာရင်တော့ ရွေးကောက်ပွဲကျင်းပပေးသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီလဆန်း ဇွန် ၈ ရက် နေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဝဒေသထဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိပါ့မလား ဆိုတဲ့အပေါ် ဝပြောခွင့်ရကို ဗွီအိုအေက မေးမြန်းခဲ့ပါတယ်။

မေး။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်အန်ကယ်လ်၊ အဲဒီမှာ သူတို့က ဝပြည်နယ်ထဲမှာပေါ့နော်၊ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း၊ နောက် ရွေးကောက်ပွဲလုပ်ဖို့အတွက် အခြေအနေက မပေးဘူး လို့ပြောပါတယ်။ ဆိုတော့ အန်ကယ်လ်တို့ဘက်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေက အခြေအနေက ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ အော်၊ ဒီကိစ္စက အခုမှ မဟုတ်ပါဘူး။ ၂၀၁၁ တုန်းကလည်း ရွေးကောက်ပွဲက ကျနော်တို့ ဝ ဒေသမှာ တကယ် အကောင်အထည်ဖော်နိုင်တာမှ မရှိတာ။ အခုလည်း မရှိပါဘူး။ မရှိဘူးဆိုတာက ဒေသပြည်သူတွေအားလုံး လူပေါင်း (၆) သိန်းနီးပါး ရှိတဲ့ဟာကို မှတ်ပုံတင်ရှိတဲ့လူက ထောင်ဂဏန်းကျော်ပဲရှိတယ်ဆိုတော့လေ- တိတိကျကျတောင် ကျနော်တောင် အမှန်မပြောနိုင်ပါဘူး။ လေး-ငါး-ခြောက်ထောင်လောက်အထိတော့ ရှိမယ်နဲ့တူတယ်။ ဒီ - ငါး-ခြောက်ထောင်နဲ့ ဘယ်လို ရွေးကောက်ပွဲ သွားပြီးတော့ လုပ်မှာလဲ။ လွန်ခဲ့တဲ့လဦးပိုင်းကနေစပြီးတော့ တချို့ White-card အဖြူနဲ့ပြန်လဲပေးတယ်။ တချို့ လဲနိုင်ခဲ့တယ်။ တချို့လည်း မလဲနိုင်ခဲ့ဘူး။ မလဲနိုင်ခဲ့တဲ့ ဟာတွေလည်း တရားမဝင်တော့ဘူး၊ အကျုံးမဝင်တော့ဘူးဆိုပြီးတော့လည်း ပြောတာတွေ ရှိတယ်လေ။ ကန့်သတ်ရက်ကျော်လွန်လို့ ရှိရင်ပေါ့နော်။

UWSA ဝတပ်ဖွဲ့ပြောခွင့်ရ ဦးအောင်မြင့်ပါ။

ဝဒေသ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ စိုင်းရွှေထွန်းကတော့ ဝဒေသထဲမှာ ပန်ဆန်း၊ နားဖန် ၊ ပန်းဝါ၊ မိုင်းမော စတဲ့ နယ်မြေ ၄ ခုမှာ မဲစာရင်းကောက်ယူခွင့်မရကြောင်း၊ ဟိုပန်နဲ့ မက်မန်း စတဲ့ နယ်မြေနှစ်ခုကိုသာ မဲစာရင်း ကောက်ယူသွားမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

အခုဆိုရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်က ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို မတ်လကုန် ဧပြီလဆန်းတုန်းက ရန်ကုန်တိုင်း (၁၀) မြို့နယ်မှာ စတင် ကြေညာခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ မေလ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်း မြို့နယ် (၁၄) မြို့နယ်နဲ့ နေပြည်တော် (၈) မြို့နယ်မှာ ကြေညာခဲ့သလို တတိယအကြိမ်မဲစာရင်းကိုတော့ ဇွန်လ (၈) ရက်မှာကြေညာခဲ့ပြီး စတုတ္ထအကြိမ် မဲစာရင်းကိုတော့ ဇွန်လ(၂၃) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

XS
SM
MD
LG