သုံးရလွယ်ကူစေသည့် Link များ

ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား


ပေါက်ကွဲမှုဖြစ်ခဲ့သည့် လောက်ကိုင်မြို့ လမ်းဆုံအဝိုင်း
ပေါက်ကွဲမှုဖြစ်ခဲ့သည့် လောက်ကိုင်မြို့ လမ်းဆုံအဝိုင်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ၈ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်သူတချို့ကို လားရှိုးဆေးရုံကို ပို့ဆောင်ထားရပါတယ်။ ဒီပေါက်ကွဲမှုဟာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဟာ ကိုးကန့်တပ်ဖွဲ့ အပါအဝင် တအာန်းခေါ် ပလောင်တပ်ဖွဲ့၊ AA ခေါ် ရခိုင်တပ်ဖွဲ့တို့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေကြချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က ပေးပို့ထားပါတယ်။

လောက်ကိုင်ဒေသဟာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားခဲ့ရတဲ့ ဒေသ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက ဒေသတွင်းတည်ငြိမ်မှုရှိတာကြောင့် စစ်အုပ်ချုပ်ရေးရုတ်သိမ်းခဲ့တဲ့နောက် အင်္ဂါနေ့ကတော့ လောက်ကိုင်မြို့မှာ ပထမဆုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

လောက်ကိုင်မြို့ ပေါက်ကွဲမှုကို ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မြန်မာစံတော်ချိန် ၄ နာရီခွဲနဲ့ ၄၅ မိနစ်ကြားမှာပေါ့။ နေရာကတော့ မြို့ထဲမှာ ရင်ဖုန်း အဝိုင်း ကိုထိုက် ဝပ်ရှော့ရှေ့မှာ။ ဆိုင်ကယ် ၁ စီးထိတယ် နောက်ပြီး ကား ၁ စီးထိတယ်လို့ပြောတာပဲ။ ဒဏ်ရာ ရတာကတော့ ကားထဲက စီးသွားတဲ့လူတွေ ဒဏ်ရာရတယ် အသေအပျောက်ကတော့ ကျနော်တို့လည်းမသိဘူး။”

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၊ ပြည်နယ် ဒုရဲတပ်ဖွဲ့မှုး ရဲမှုးကြီးအောင်မြတ်မိုးက ဗုံးပေါက်ကွဲမှုဟာ အင်္ဂ ါနေ့ ညနေ ၄နာရီ ၃၅မိနစ်က အမှတ်(၃)ရပ်ကွက်၊ ရင်ဖုန်းလမ်းဆုံအနီးက လျှပ်စစ်ပစ္စည်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်ကနေ ပေါက်ကွဲတာဖြစ်ကြောင်း ပြောပါတယ်။

ပေါက်ကွဲချိန်မှာ အနီးက ဖြတ်သွားတဲ့ကားပေါ်လိုက်ပါလာသူ နဲ့ အနီးအနားဖြတ်သွားသူ ၈ယောက် မိုင်းစထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ရဲမှုးကြီးအောင်မြတ်မိုးက ပြောပါတယ်။

“ မော်တော်ယာဉ်ပေါ်က ၆ ယောက် လမ်းပေါ်က ၂ ယောက် အားလုံးပေါင်း ၈ ယောက်ပါခင်ဗျ ကျား ၅ ၊ မ ၃ ပါခင်ဗျ ။ တချို့က မိုင်းစတွေ ဝင်သွားတော့ လားရှိုးဆေးရုံကို ၂ ယောက်တော့ မနေ့က ရောက်တယ်။ ပြီးတော့ ဒီနေ့ နေ့လည် ၂ နာရီမှာ ၄ ယောက် ထပ်ရောက်တယ်။ ရှင်တာကတော့ လောလောဆယ်မှာ operation လုပ်ပြီးမှ ပြောလို့ရမယ်။ လောလောဆယ်ကတော့ အစတွေရှိနေတော့ ခွဲထုတ်ဖို့ သူတို့လုပ်နေတာပေါ့။”

လောက်ကိုင်မြို့မှာ လုံခြုံရေးကို ပိုမိုတင်းကျပ်ထားတယ်လို့လည်း ဆက်ပြောပါတယ်။

“တရားဝင် ဝင်ပေါက်ဖြစ်တဲ့ ရန်နှောင်ကျိုင်းဂတ်မှာ ရှာတယ် နောက်ပြီးတော့ ချင်းရွေကော် ဝင်ပေါက်ရှိပါတယ် အဲဒီမှာ ရှာတယ် လောက်ကိုင်မြို့အဝင်အထွက် ကားလမ်း၊ လူသွားလမ်း တွေမှာ ရှာဖွေတာတွေလုပ်တယ်။ နောက်ပြီးတော့ လှည့်ကင်းပေါ့နော် မော်တော်ယာဉ်လှည့်ကင်း ဆိုင်ကယ်လှည့်ကင်း နောက်ပြီးတော့ အရေးကြီးအချက်အချာကျတဲ့နေရာမှာ စောင့်ကြည့်မှုတွေလုပ်နေတယ်။ နေ့ဘက်ကိုတော့ ရဲတွေလှည့်တယ်၊ ညဘက်ကိုတော့ တပ်တော်နဲ့ ပုူးပေါင်းပြီးတော့လှည့်တယ်။ နောက်ပြီးဧည့်စာရင်းစစ်တာပေါ့ ၊ တည်းခိုခန်းတွေ ဟိုတယ်တွေ ၊ မိုတယ်တွေ နောက်ပြီးတော့ ပြည်ပက လာပြီးအလုပ်လုပ်ကိုင်တဲ့သူတွေ အလုပ်သမားတွေ တည်းခိုတဲ့ တန်းလျားတွေပေါ့နော် ဒါတွေကို ကျနော်တို့ စောင့်ကြည့်မူတွေလုပ်ပါတယ်ခင်ဗျ။ လုံခြုံရေးတိုးမြှင့်ထားပါတယ်၊ ပိုပြီးတော့လည်းဆောင်ရွက်ထားပါတယ်။”

မိုင်းထောင်တဲ့လက်သည်တရားခံကို စုံစမ်းနေဆဲရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလက လောက်ကိုင်မြို့ကိုဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့က တော့ ဒီပေါက်ကွဲမှုဟာ သူတို့ လက်ချက်မဟုတ်ကြောင်းနဲ့ ပြီးခဲ့တဲ့လ ၃၁ရက်နေ့ကတော့ ကုန်းကြမ်းနဲ့ တာရွှေထန်အကြားမှာတိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့က တပ်မှုးတဦးက ပြောပါတယ်။

“ ဒါကျနော်တို့နဲ့ မဆိုင်ဘူး။ ၃၁ရက် တခါတော့ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့နေတဲ့နေရာကို သူတို့လာတယ် ကုန်းကြမ်းနဲ့ တာရွှေထန်အကြားတိုက်ပွဲဖြစ်တယ်။”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံမှာ ပါဝင်ရေးအတွက် အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှ တွေ့ဆုံဆွေးနွေးတာတွေရှိပါတယ်။

လာမယ့် ရက်ပိုင်းတွေမှာတော့ ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ထိုးခွင့်မရှိခဲ့တဲ့ ကိုးကန့်၊ ပလောင်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးဖို့အတွက် ညှိနှိုင်းနေကြောင်းလည်း ငြိမ်းချမ်းရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG