သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အရေးအခင်း


လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)
လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။ (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ကိုးကန့်ဒေသကို ပြန်လည်ချုပ်ကိုင်နိုင်အောင် ဖုန်ကြားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့က စစ်ဆင်နေပါတယ်။ ပလောင် (ခေါ်) တာအာန်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေလည်း ဖုန်ကြားရှင်အဖွဲ့ကို ကူညိနေကြောင်း သိရပါတယ်။ ကိုးကန့်က ထွက်ပြေးတိမ်ရှောင်သူဦးရေ တိုးပွားနေပါတယ်။ ဖုန်ကြားရှင်နဲ့ လက်ထောက်ဖြစ်သူ ပိုင်ဆုံချိန်တို့ ပဋိပက္ခဖြစ်ရာက ကိုးကန့်ပြဿနာ စခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ မှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် ဖုန်ကြားရှင်အဖွဲ့ အရေးနှိမ့်ခဲ့ပြီး ယူနန်မှာ ခိုလှုံနေတုန်း ပိုင်ဆုံချိန်ဟာ အစိုးရတပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့်တပ်နဲ့ ကိုးကန့်ဒေသရဲ့ အကြီးအကဲ ဖြစ်လာပါတယ်။

အသက် (၈၀) ကျော် ဖုန်ကြားရှင်နဲ့သားတွေ ကိုးကန့်မှာ ပြန်လည်လှုပ်ရှားလာတဲ့အခါမှာ ပိုင်ဆုံချိန်ဟာ စီးပွားရေးလုပ်ငန်းရှင် ပြည်နယ်လွှတ်တော်အမတ် ဖြစ်နေပါပြီ။ အစိုးရတပ်က အသိအမှတ်ပြုထားတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ အခုလည်း ယူနန် လုပ်ငန်းရှင်တွေနဲ့ လက်တွဲပြီး စီးပွားရေးဇုန် တည်ထောင်ဖို့ ပိုင်ဆုံချိန်က ကြံစည်နေပါတယ်။ ကိုးကန့်ဒေသနဲ့ ယူနန်ပြည်နယ် လင့်ခန်းခရိုင်ဟာ ဆက်စပ်နေတာမို့ နှစ်ဘက်စလုံးနဲ့ အဆင်ပြေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဖုန်ကြားရှင်ရဲ့ လက်နက်ကိုင် လှုပ်ရှားမှုကြောင့် ပိုင်ဆုံချိန်ရဲ့ ကိုးကန့် စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးဟာ နှောင့်နှေးသွားနိုင်ပါတယ်။

၂၀၀၉ ခုနှစ်က ကိုးကန့်ဒေသကို အစိုးရတပ် ထိုးစစ်ဆင်တုန်းက သိမ်းပိုက်ခဲ့တဲ့ ဥစ္စာပစ္စည်းနဲ့ အပျက်အစီးအတွက် လင့်ခန်းခရိုင်အစိုးရက လျော်ကြေးဒေါ်လာသန်း (၄၀) ပေးဖို့ ဗမာအစိုးရကို တောင်းဆိုကြောင်း သိရပါတယ်။ ငွေမပေးချင်ရင် လုပ်ပိုင်ခွင့် ပေးရမယ့်သဘော ရှိပါတယ်။ လင့်ခန်းနယ်သားတွေ ကိုးကန့်မှာ စီးပွားရှာသလို ကိုးကန့်နယ်သားတွေ လင့်ခန်းမှာ အလုပ်လုပ်ပါတယ်။ နယ်မြေတည်ငြိမ်အေးချမ်းလာပြီလို့ ယုံကြည်ပြီး ကိုးကန့် စီးပွားရေးဇုန် တည်ထောင်ဖို့ မြန်မာ့ရင်းနှီးမြှုပ်နံှမှု ကော်မရှင်က မနှစ်က ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့နဲ့ ပိုင်ဆုံချိန် ပိုင်တဲ့ ကိုးကန့်မာလိုင်ပါ ကုမ္ပဏီ ပူးတွဲပြီး သုံးနှစ်အတွင်း အကောင်အထည်ဖော်မယ့် စီးပွားရေးဇုန် ဖြစ်ပါတယ်။ လောက်ကိုင်မြို့နယ်အတွင်း မြေဧကတစ်ထောင်ကျော်ကို လျော်ကြေးပေးပြီး သိမ်းယူထားပါတယ်။ ကျပ်ငွေသန်းပေါင်း (၁၄၂၀၀၀) ရင်းနှီးမြှုပ်နံှမယ့် စီမံကိန်းဖြစ်ကြောင်း သိရှိရပါတယ်။

ကိုးကန့်မှာ တရုတ်ယွမ်ငွေကိုသာ ကိုင်ဆောင်ကြတာကိုကြည့်ရင် တရုတ် စီးပွားရေး လွှမ်းမိုးတဲ့ အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ တည်ငြိမ်အေးချမ်းမယ်ဆိုရင် တရုတ်လုပ်ငန်းရှင် အသေးစားနဲ့ အလတ်စား အများအပြား လာရောက်ရင်းနှီးမြှုပ်နံှလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ပိုင်ဆုံချိန် ဦးဆောင်တဲ့ ကိုးကန့်အုပ်ချုပ်ရေးဌာနနဲ့ ပိုင်ဆုံချိန် ပိုင်တဲ့ ကုမ္ပဏီလက်တွဲပြီး အကောင်အထည်ဖော်မယ့် စီးပွားရေးဇုန်မှာ ဒေသခံတွေ ဘယ်လောက် အကျိုးခံစားနိုင်မယ်ဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတယ်။ လူဦးရေ နှစ်သောင်းကျော်ကို အလုပ်အကိုင်ပေးနိုင်မယ့် စီးပွားရေးဇုန် ဖြစ်တာမို့ ဒေသအခြေအနေနဲ့ သင့်တော်တဲ့ စည်းမျဉ်းဥပဒေတွေကို ပြဌာန်းဖို့ ပိုင်ဆုံချိန် က တောင်းဆိုထားပါတယ်။

ကိုးကန့်နယ်ကို ရှေးတရုတ်တပ်က တည်ထောင်တယ်လို့ အဆိုရှိပါတယ်။ (၁၇) ရာစု အလယ်ပိုင်း တရုတ်ပြည်မှာ မန်ချူးချင်မင်းဆက် နန်းတက်တဲ့အခါ မင် ဘုရင် ယုံလီဟာ စစ်ကိုင်းမှာ ခိုလှုံခဲ့ပါတယ်။ မန်ချူးတပ် ယူနန်ကို သိမ်းပိုက်တဲ့အခါမှာ စစ်ကိုင်းအထိ ဝင်လာပြီး ယုံလီမင်းကို ၁၆၆၂ ခုနှစ်မှာ ဖမ်းဆီးသွားပါတယ်။ ဒါပေမဲ့ ကိုယ်ရံတော်တပ်ဖွဲ့ကိုတော့ တရုတ်-မြန်မာ နယ်စပ် ကိုးကန့်ဒေသမှာ အခြေချခွင့်ပေးတာမို့ မြန်မာပြည်မှာ ကိုးကန့် တရုတ် ရှိလာပါတယ်။ ကိုလိုနီခေတ်က ကိုးကန့်မှာ အိမ်တိုင်းလက်နက်ကိုင်ဆောင်ပြီး ဂျပန်စစ်တပ်ကို ကိုးကန့်ဒေသက ခုခံတိုက်ခိုက်ဖူးပါတယ်။ ဖုန်ကြားရှင်ဟာ ၁၉၅၉ ကတည်းက ကိုးကန့်တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး တိုက်ရည်ခိုက်ရည်ရှိလို့ ဗကပဒေသ စစ်မှုးဖြစ်လာပါတယ်။ ဖုန်ကြားရှင်ရဲ့ စွမ်းဆောင်ချက်ကို တပ်မတော်သမိုင်း သတ္တမတွဲမှာ မှတ်တမ်းတင်ထားပါတယ်။

ဗကပ နဲ့ ကချင်တပ်ဖွဲ့တို့ တရုတ်ကွန်မြူနစ်က ကူညီထောက်ပံ့ခဲ့တဲ့ အစဉ်အလာကြောင့် နယ်စပ်လက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းမှာ ဖုန်ကြားရှင်လို့ တရုတ်တွေ ရှိပါတယ်။ ကိုးကန့်၊ “ဝ” နဲ့ မိုင်းလား တို့ဟာ မြန်မာနယ်နိမိတ်ထဲမှာ ရှိပေမယ့် ယူနန်နဲ့ ပိုပြီးနီးစပ်ပါတယ်။ ဒါပေမဲ့ တရုတ်အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေးဟာ အရေးကြီးပေမယ့် ဖုန်ကြားရှင်အရေးအတွက် နှစ်နိုင်ငံ ဆက်ဆံရေးကို အထိခိုက်မှာ မဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ် စစ်ဆင်ရေးမှာ ဖုန်ကြားရှင်ကို တရုတ်က အကူအညီမပေးခဲ့သလို လက်ရှိ ပဋိပက္ခမှာလည်း ကူညီဖို့ အလားအလာ မရှိပါဘူး။

ဗကပ သမိုင်းကိုကြည့်ရင် နယ်စပ်အဖွဲ့ကို တရုတ်အစိုးရ လျစ်လျူရှုတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တရုတ် အကူအညီကို မျှော်လင့်တဲ့ လက်နက်ကိုင်အဖွဲ့ဟာ ပြည်တွင်းမှာ စေ့စပ်ဆွေးနွေးဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ ဗမာအစိုးရနဲ့ ဆွေးနွေးလိုကြောင်း ဖုန်ကြားရှင်အဖွဲ့က (၂၀၁၂) မှာ သျှမ်းသံတော်ဆင့် သတင်းဌာနကို အကြောင်းကြားဖူးပါတယ်။ အစိုးရတပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အင်အားမရှိမှန်း သိရက်နဲ့ ဖုန်ကြားရှင်အဖွဲ့က အခုလို တိုက်ခိုက်နေတာကိုကြည့်ရင် အခြေအနေ လိပ်ခဲတည်းလည်း ဖြစ်လာတဲ့အခါမှာ အပစ်အခတ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးရေး လုပ်နိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG