သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်အပေါ် မြန်မာတပ် ပြင်းထန်စွာထိုးစစ်ဆင်


မြန်မာစစ်တပ်အနေနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကို နိုင်ငံရပ်ခြားက ကျူးကျော်စစ် သဏ္ဍာန်ထားပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ဒီလုပ်ရပ်မျိုးတွေကို ရပ်ပြီးတော့ ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေး အဖြေရှာသင့်တယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့ဘက်က ပြောဆိုလိုက်ပါတယ်။

ကိုးကန့်လူမျိုးတွေဟာ ဖွဲ့စည်းပုံအရ မြန်မာလူမျိုး တိုင်းရင်းသားထဲမှာ ပါဝင်တယ်လို့ ကိုးကန့်တပ်ဘက်က ရည်ညွှန်းပြောဆိုခဲ့တာပါ။ လက်ရှိအားဖြင့်တော့ ကိုးကန့်ဒေသမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလဆန်းကတည်းက စဖြစ်ခဲ့တဲ့ ကိုးကန့်တပ်နဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ခိုက်မှုတွေဟာ ဆက်ပြီး ပြင်းထန်နေတယ်လို့ ကိုးကန့်တပ် ပြောခွင့်ရ ဦးမြတ်ထွန်းလင်းက ထုတ်ပြောလိုက်ပါတယ်။

“မနေ့တုန်းက တော်တော်ပြင်းထန်ပါတယ်။ မနက် ၅ နာရီကနေ စပါတယ်ခင်ဗျ။ ညသန်းခေါင်အထိ ကြည်းတပ်က ထိုးနေတုန်းပဲ။ လက်နက်ကြီးနဲ့ပစ်တယ်။ အဲ့လိုပဲ ညသန်းခေါင်အထိ။ နောက်ပိုင်းကျတော့ လက်နက်ကြီးနဲ့ တညလုံးပစ်နေတယ်။ အခုထက်ထိပါပဲ။ လက်နက်ကြီးနဲ့ ဆက်ပစ်နေပါတယ်။ ကြည်းတပ်လည်း ထိုးပါတယ်ခင်ဗျ။ မရဘူးဆိုရင် သူတို့က ပြန်ဆုတ်တယ်။ ပြီးတော့ လက်နက်ကြီးနဲ့ ပြန်ပစ်၊ ကြည်းတပ်က ပြန်ထိုး။ အဲ့လိုပဲ လုပ်နေပါတယ်။”

MNDAA လို့ အတိုကောက်ခေါ်တဲ့ ကိုးကန့် အမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်အနေနဲ့ ကိုယ့်ဒေသကိုယ်ပြန်လာပြီး ခုခံစစ် ဆင်နွှဲနေတာသာဖြစ်တယ်။ မြန်မာဘက်က အင်အား ၁၀၀၀ ခန့်နဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ဦးမြတ်ထွန်းလင်းက ဆက်ပြောခဲ့ပါတယ်။ မနေ့ကစ ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် အခုချိန်ထိ သိရသမျှ မြန်မာဘက်က အကျအဆုံး များနေတယ်လို့ ဦးမြတ်ထွန်းလင်းက ဆက်ထောက်ပြပါတယ်။

“ညသန်းခေါင်အထိကတော့ အရေအတွက်ကတော့ ကျတာနဲ့ ဒဏ်ရာရတာ ပေါင်းလိုက်ရင် ၁၅၀၊ ၁၆၀ လောက်ဖြစ်မယ်။ ကျတာက ၇၀ နဲ့ ၈၀ ကြားဖြစ်မယ်။ ဒဏ်ရာရတာကလည်း ၇၀ နဲ့ ၈၀ ကြားဖြစ်မယ်။ နှစ်ခုစလုံးပေါင်းလိုက်ရင်တော့ ၁၅၀၊ ၁၆၀ လောက်ရှိမယ်ခင်ဗျ။”

ဒါပေမဲ့ ဒီထိခိုက်ကျဆုံးမှု သတင်းကိုတော့ သီးသန့် အတည်ပြုလို့တော့ မရသေးပါဘူး။ မြန်မာဘက်ကတော့ ကိုးကန့်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေထဲက ကုန်ကြမ်းမြို့ဘက်ကမှာ ၃ ဦးကျပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ တနင်္လာနေ့က ထုတ်ပြောခဲ့ပါတယ်။ ဘာကြောင့် မြန်မာဘက်က အခုလို အကျအဆုံး များလာရပါသလဲလို့ မေးတဲ့အခါမှာတော့ ကိုးကန့်ပြောခွင့်ရ ဦးမြတ်ထွန်းလင်းက ထိုးစစ်နဲ့ ခံစစ် ကွာလို့ဖြစ်တယ်လို့ ဆိုပါတယ်။

“အဓိက ကျနော်တို့က ခံစစ်တိုက်နေတာပဲ ဖြစ်ပါတယ်ခင်ဗျ။ သူတို့က လာထိုးတော့ အဲ့ဒါတော့ စစ်ရဲ့ထုံးစံအတိုင်း အဲ့လိုမျိုးဖြစ်ပါတယ်ခင်ဗျ။ ထိုးစစ်ဆင်တဲ့ဘက်ကတော့ ပိုပြီးတော့ ဆုံးရှုံးမှု ပိုများပါတယ်။”

အဲ့ဒီတော့ မြန်မာအစိုးရအနေနဲ့ အခြားတိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန်မှာ ဘာကြောင့် ကိုးကန့်တပ်တွေကို အခုလို ထိုးစစ် ပြင်းပြင်းထန်ထန် ဆင်နွှဲရတယ်လို့ ထင်သလဲလို့ မေးတဲ့အခါမှာတော့ ဦးမြတ်ထွန်းလင်းက ပြည်ပစစ်လို့ ယူဆပြီး တိုက်နေတာလို့ ဆိုပါတယ်။

“ကျနော်လည်း နားမလည်နိုင်တော့ဘူးခင်ဗျ။ ကျနော်တို့ကို ဒီလိုတိုက်တာက တကယ့်ကို ပြည်ပ ကျူးကျော်စစ်လို့ ပုံစံမျိုးနဲ့ တိုက်နေပါတယ်ခင်ဗျ။ လက်နက်ကြီးကော၊ လေယာဉ်ကော၊ ဗုံးကြဲလေယာဉ်တောင် ထုတ်သုံးလာတာကို တွေ့ရပါတယ်။ သံချပ်ကာကားရော၊ တင့်ကားရော အားလုံး ထုတ်ထားတယ်ခင်ဗျ။ အဲ့ဒါကြောင့် ကျနော်လည်းပြောခဲ့တယ်။ ကျနော်တို့က သူတို့ပြောတဲ့ပုံစံကို လက်မခံနိုင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ကိုးကန့်တိုင်းရင်းသားဆိုတာက မြန်မာနိုင်ငံ ပြည်ထောင်စုကြီးထဲက တိုင်းရင်းသားတမျိုး ဖြစ်ပါတယ်။ နယ်မြေအနေအထားအရလည်း ကိုးကန့်ဒေသဟာ မြန်မာနိုင်ငံရဲ့ တစိတ်တပိုင်း၊ တဒေသဆိုတာ လူတိုင်းက လက်ခံပါတယ်။”

တိုက်ပွဲစဖြစ်စဉ်မှာတော့ ကိုးကန့်ဘက်က မထင်မှတ်ဘဲ လောက်ကိုင်ဒေသကို ပြန်တိုက်လာလို့ မြန်မာဘက်က စပြီး ပြန်တိုက်ခဲ့တာလို့ မြန်မာအစိုးရဘက်က ပြောတာနဲ့ပတ်သက်ပြီး အရင် အတိတ် ရက်ရက်စက်စက် ထိုးစစ်ဆင်ခံခဲ့ရတာရဲ့ အဆက်သာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ ၂၀၀၉ ကနေ စဖြစ်တယ်လို့ လက်ခံပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက ကျနော်တို့ကို စွပ်စွဲချက်အမျိုးမျိုးနဲ့ မရှိတဲ့အပြစ်တွေကို ပုံချပြီးတော့ ကျနော်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။”

ကိုးကန့်ပြောခွင့်ရ ဦးမြတ်ထွန်းလင်းကပဲ အခုလို နှစ်ဘက် အပြန်အလှန် စွပ်စွဲနေမယ့်အစား ဒီပြဿနာကို တိုက်ခိုက်ဖြေရှင်းတာထက် တွေ့ဆုံဖြေရှင်းသင့်တယ်လု့ိ ပြောခဲ့ပါတယ်။

XS
SM
MD
LG