သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေး ကျပ်သန်းငါးထောင်ကျော် လိုအပ်


ကိုးကန့်ဒေသတိုက်ပွဲဓါတ်ပုံ (March, 2017) ဓါတ်ပုံ ကကကြည်း
ကိုးကန့်ဒေသတိုက်ပွဲဓါတ်ပုံ (March, 2017) ဓါတ်ပုံ ကကကြည်း

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တိုက်ပွဲတွေဖြစ်တာကြောင့် ပျက်ဆီးဆုံးရှုံးသွားတာတွေကို ပြန်လည် ထူထောင်မယ်ဆိုရင် အနည်းဆုံးကျပ်ငွေ သန်း၅ထောင်ကျော်လောက် လိုအပ်မယ်လို့ လောက်ကိုင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။ ဖြစ်ထားတဲ့ တိုက်ပွဲတွေကြောင့် ဒေသထွက်ကြံ တန်ချိန် ၂သိန်းကျော်လောက် ပျက်ဆီးကြောင်းလဲ ပြောပါတယ်။ ဒီနေ့ထိလဲ တိုက်ပွဲတွေ ကြိုကြားဖြစ်နေတုန်းပါပဲ။ လောက်ကိုင်ဒေသရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၆ရက်နေ့ စတင်ပြီး ထပ်မံဖြစ်ပွားခဲ့တဲ့ လောက်ကိုင်ဒေသတိုက်ပွဲကြောင့် လူ ၃သောင်းကျော် လောက် နေရပ်စွန်ခွာ တိမ်းရှောင်နေရသလို ဒေသတွင်း မှာ နေအိမ်အဆောက်အဦးတွေ နဲ့ အဓိက စိုက်ပျိုးတဲ့ ကြံခင်းတွေလည်း ပျက်ဆီးဆုံးရှုံးတာတွေရှိနေပါတယ်။

၂၀၁၅ ခုနှစ်ကလည်း တကြိမ်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ လောက်ကိုင်မြို့မှာ ဒီတကြိမ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင် ကျပ်ငွေ သန်း ၅ထောင်ကျော်လောက် လိုအပ်နိုင်ကြောင်း လောက်ကိုင်မြို့နယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က ပြောပါတယ်။

“အရင်တုန်းကတော့ ကျနော်တို့ ၃ ဘီလီယံလောက်ရအောင် နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေလို ကျနော်တို့ တင်ဖို့ရှိတာပေါ့နော် ။ အခုဆိုရင်တော့ ၃ ဘီလီယံနဲ့တော့ မရနိုင်တော့ဘူးပေါ့ ကျနော်တို့က အနည်းဆုံး ကို ၅ဘီလီယံ- ၁၀ ဘီလီယံလောက်ရမှပဲ ကျနော်တို့ ဒေသပြန်လည်ထူထောင်ရေးဆိုတာကို ပြန်ပြီးလုပ်နိုင်မှာပါ။”

၂၀၁၅ခုနှစ် တိုက်ပွဲတွေအပြီးမှာ နေရပ်ပြန်မရ သူတွေနဲ့ နေအိမ်ပျက်ဆီးဆုံးရှုံးခဲ့သူတွေ အတွက် အိမ်အလုံး ၁၄၀၀ကျော် တည်ဆောက်ဖို့ လျာထားခဲ့ပြီး အိမ်အလုံး ၄၀၀ကျော် တည်ဆောက်ပြီးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်သမ္မတ ရဲ့ သီးသန့်ရံပုံငွေကနေ သန်း၃ထောင် ရရှိဖို့ လွှတ်တော်မှာ တင်ပြထားသလို ဒေသဦးစီးအဖွဲ့က စာတင်ဖို့ ပြင်ဆင်နေချိန်မှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲကြောင့် ခုတ်ပြီးသား ကြံ တန်ချိန် ၂သိန်းလောက်ဆုံးရှုံးကြောင်း ဦးကျော်နီနိုင်က အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ တနေ့ကို ကြံတန်ချိန် ၄ သိန်းကျော်ရှိတာကို အခုတော့ ၅ ပုံ ၃ ပုံလောက် ကျနော်တို့ ထုတ်ဖို့ကျန်တယ်၊ သယ်ဖို့ကျန်တယ် ။ ကြံခုတ်ပြီးသားဆိုရင် ၁၀ ရက်လောက်ဆိုရင် အကုန်လုံးက ခြောက်ပြီးမှ အရည်လုံးဝမရှိတော့ဘူး။ တန်ချိန်နဲ့ပြောရင်တော့ တန်ချိန် ၂ သိန်းလောက် ထုတ်ဖို့ကျန်တယ် သယ်ဖို့ကျန်တယ်။ အိမ်ဖောက်ထွင်း ခိုးယူမှုကတော့ ဒီတခေါက်တော့နည်းတာပေါ့ ။ တခုတလေတော့ ရှိကြတာပေါ့။ လောက်ကိုင်ကနေ မြောက်ဘက်မှာတော့ ရွာတွေအများကြီးရှိတယ်လေ။ တချို့ရွာတွေထဲမှာတော့ တချို့ဆိုးဆိုးဝါးဝါးကို ဖြစ်သွားတယ် လို့ကြားတယ်။ တချို့တွေကတော့ မီးလောင်တယ်။”

လောက်ကိုင်ဒေသက ပြည်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လောက်ကိုင်ဆေးရုံအုပ် ဒေါက်တာ အောင်မြင့်ထွန်းကတော့ လောက်ကိုင်မြို့က တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“လောက်ကိုင်ကတော့ မနေ့ညကတော့ ၁၀၇ နဲ့ မြို့ထဲမှာတော့ ပစ်ခတ်မှုတွေရှိတယ်။ အခုဒီမနက်တော့ တိုက်ပွဲတော့ ပြန်ဖြစ်နေပြီ။ ပစ်ခတ်မှုတွေတော့ ရှိတယ်။ လောလောဆယ်တော့ ကျနော်တို့ ရန်နောင်ကျိုင်းဘက်မှာတော့ ပစ်ခတ် မှုတွေတော့ ဖြစ်နေတယ်။ မနေ့ကတော့ သူတို့ ဟိုဘက်ကနေမှ ၁၀၇ နဲ့ ကျနော်တို့မြို့ထဲဘက်ကို ပစ်တယ်ခင်ဗျ။”

လောက်ကိုင်မြို့မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အခြေအနေကိုလည်း အခုလို ဆက်ပြောပါတယ်။

“မနေ့ကအထိတော့ ကျနော်တို့တွေ အကူအညီလိုနေတဲ့လူတွေကို အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းပြီးတော့ ကိုးကန့်ပရဟိတဖောင်ဒေးရှင်းတို့ ၊ ကျနော်တို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့ နောက်လူမှုရေးအသင်းအဖွဲ့တွေ ၊ စေတနာရှင်ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်ခင်ဗျ။ ကျနော်တို့ဆီအဓိကရောက်လာတာက မြေပေါ်မှာအိပ်ခဲ့ရတဲ့ လူတွေဖြစ်တယ်၊ များသောအားဖြင့်နေမကောင်းတာတွေဖြစ်တယ်။ အဲဒါတွေကို စောင့်ရှောက်မှုပေးပါတယ် အစားအစာတွေကို သူတို့အတွက်ပေးတယ်။ နောက်ကျနော်တို့ ချင်းရွှေဟော် ပို့တယ်။”

လောလောဆည် လူ ၅ထောင်လောက်ကို ချင်းရွှေဟော်ဘက် ပို့ဆောင်ပေးထားကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကတော့ လောက်ကိုင်တိုက်ပွဲကြောင့် လူ ၃သောင်းလောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်းနဲ့ ၂သောင်းလောက်ဟာ နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံဖက် တိမ်းရှောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG