သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ မျိုးဆက်တွေ NLD နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်မည်


 NLD ပါတီဝင်အဖြစ် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ့် ၈၈ မျိုးဆက် ဦးကိုကိုကြီး။
NLD ပါတီဝင်အဖြစ် လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ့် ၈၈ မျိုးဆက် ဦးကိုကိုကြီး။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ ပါတီဝင်တွေအပြင် ထင်ရှားတဲ့ နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုပါ ဖိတ်ခေါ်ပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင်တွေလည်း ပါတီဝင်အဖြစ် ရွေးကောက်ပွဲဝင်ဖို့ NLD နဲ့ ညှိနှိုင်းနေကြသလို ပါတီဝင်အတော်များများကတော့ သက်ဆိုင်ရာ ရွေးကောက်ပွဲနယ်မြေတွေမှာ စာရင်းပေးသွင်းနေကြပါပြီ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ဖို့ ဆိုတဲ့ အတိုက်အခံတို့ရဲ့ မျှော်မှန်းချက်ကို လာမယ့် ရွေးကောက်ပွဲကနေ ဘယ်လောက် အကောင်အထည် ဖော်လာနိုင်မလဲ ဆိုတာကို မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ လွှတ်တော် အမတ်လောင်းတွေအဖြစ် လက်ရှိ ပါတီဝင်တွေ၊ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြဖို့ ပြင်ဆင်နေကြသလို နယ်ပယ်အသီးသီးက သြဇာကြီးသူတွေ ကိုလည်း ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြဖို့ ပါတီက ကမ်းလှမ်းနေတဲ့အကြောင်း ပါတီပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သူတို့ ဝင်ဖို့ပြောပါတယ်။ သက်ဆိုင်ရာမြို့နယ်မှာ ကိုယ်ဝင်ချင်တဲ့နေရာမှာသွားလျှောက်၊ လျှောက်လွှာတင်ရင် NLD အဖွဲ့ဝင်များ၊ တခြား NLD အဖွဲ့ဝင်များကဲ့သို့ ကျနော်တို့ process အတိုင်း၊ လုပ်ငန်းစဉ်အတိုင်း လုပ်သွားရမှာပါ။ ဒီနေ့အထိတော့ ဘယ်သူတွေလျှောက်တယ်၊ ဘာညာ မသိသေးပါဘူး။”

ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ရောက် အရွေးခံလိုသူတို့အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ် တွေမှာ စာရင်းပေးသွင်းပြီး နောက်မှာမှ ပါတီကနေ ကိုယ်စားလှယ်လောင်းတွေအဖြစ် နောက်ဆုံးအဆင့် သတ်မှတ် ရွေးချယ်မှာ ဖြစ်တယ်လို့လည်း ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကို ဆက်လက် ကိုင်ဆွဲထားတဲ့ အတိုက်အခံ NLD ပါတီဘက်က ကဏ္ဍအသီးသီးက သြဇာကြီးသူတွေကိုလည်း ပါတီကိုယ်စားလှယ်တွေအဖြစ် ကမ်းလှမ်းနေတယ်လို့ ဦးဉာဏ်ဝင်းက ပြောပေမယ့် နာမည် အသေးစိတ်ကိုတော့ သြဂုတ်လဆန်းလောက်မှာမှ ထုတ်ပြန်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးက ပြောပါတယ်။ သူနဲ့အတူ တခြား ၈၈ မျိုးဆက်တွေလည်း အတိုက်အခံ ပါတီဘက်ကနေ ဝင်ရောက် ရွေးကောက်ခံဖို့ ပါတီနဲ့ ညှိနှိုင်းနေဆဲလို့ သူက ပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့ ၁၉၈၈ လူထုအရေးတော်ပုံကြီးစကတည်းက ကျနော်တို့နိုင်ငံကို ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးဆိုတဲ့ အခြေခံအချက်တွေမှာ တူပြီးသားပါ။ အခုကတော့ ကျနော်တို့ ၈၈ ခေါင်းဆောင်တွေအနေနဲ့ လွှတ်တော်နိုင်ငံရေးကို စပြီး ကူးပြောင်းတော့မယ့်အချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့၊ ကိုယ်စားလှယ်လောင်းနဲ့ပတ်သက်လို့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာပဲ ကျနော်တို့ ဆွေးနွေးညှိနှိုင်းနေတာပါ။ အခြေခံအချက်တွေမှာ ကွဲလွဲချက်မရှိပါဘူးဗျ။ အဓိက-ကတော့ NLD ကနေဝင်တဲ့ ကိုယ်စားလှယ်လောင်းတယောက်ဟာ အရင်က ပါတီဝင်မဟုတ်ခဲ့ဘူးဆိုရင်တောင်မှ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့အခါမှာတော့ ပါတီဝင်လျှောက်လွှာဖြည့်ရမယ်၊ ပါတီဝင်ရမယ်ပေါ့နော်။ ပါတီဝင်ဖြစ်ပြီဆိုရင် ပါတီရဲ့စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို လိုက်နာရမယ်ပေါ့။ ဒါကတော့ နိုင်ငံရေးပါတီတခုရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ အစဉ်အလာပါပဲ။”

အတိုက်အခံ ပါတီရဲ့ မူဝါဒတွေနဲ့ ၈၈ မျိုးဆက်တို့ ကိုင်ဆွဲထားတဲ့ မူဝါဒတွေကြား ကွဲပြားမှုမရှိဘဲ အဓိကပါတီနဲ့ ဆွေးနွေးနေရတဲ့ အကြောင်းအရာကတော့ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေသာ ဖြစ်ပါတယ်လို့လည်း ဦးကိုကိုကြီးက ပြောပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့ ရွေးကောက်ပွဲမဝင်ဘဲ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကို ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

အတိုက်အခံ NLD ပါတီဝင်တွေအဖြစ် လွှတ်တော် နိုင်ငံရေးမှာ ပါဝင်ကြမယ့် ၈၈ မျိုးဆက်တို့နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်းမှာ ကျန်ရစ်မယ့် တခြား အဖွဲ့ဝင်တွေ ပူးပေါင်းဆောင်ရွက်သွားရင် မြန်မာ့ဒီမိုကရေစီအရေးမှာ ပိုပြီး အကျိုးရှိမယ်လို့လည်း မျှော်လင့်တဲ့အကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေး နိုင်ငံတဝန်း လှုပ်ရှားမှုတွေကိုဦးဆောင်ခဲ့သူ ဒေါက်တာ သိန်းလွင်လည်း လာမယ့်ရွေးကောက်ပွဲမှာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဒေါက်တာသိန်းလွင်
ဒေါက်တာသိန်းလွင်

“မနေ့တုန်းက ကျနော် လျှောက်လွှာတင်ခဲ့ပါတယ်။ ကျနော့်ကို မနေ့တုန်းက အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း လျှောက်ပါလို့ အဖွဲ့ချုပ်က ပြောတယ်။ ပဲခူးတိုင်းကလည်း ကျနော့်ကို ခေါ်ထားလို့၊ ခေါ်တော့ မနေ့က ပဲခူးတိုင်း၊ အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အလုပ်အမှုဆောင် အဖွဲ့တွေနဲ့ တွေ့ပြီးတဲ့အခါကျတော့ ရွှေကျင်ကနေ လျှောက်ဖို့ ဝိုင်းအကြံပေးတယ်။ ဘာကြောင့်လဲဆိုတော့ ရွှေကျင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် နေရာလွတ်နေတယ်။ အဲဒီအတွက် ကျနော် လျှောက်လွှာတင်ခဲ့တာပါ။”

ကျောင်းသား လှုပ်ရှားမှုတွေမှာပါဝင်တာကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖြစ်ကနေ ရပ်စဲခံရတဲ့ ဒေါက်တာ သိန်းလွင်ဟာ ပါတီဝင်အဖြစ်နဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ ညွှန်ကြားခံရတာ ဖြစ်ပါတယ်။ ရွေးကောက်တင်မြှောက် ခံရရင်တော့ ပညာရေး ဥပဒေတွေ ပြင်ဆင်ရေးဆွဲနိုင်ရေးကို အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ သိန်းလွင်က ပြောပါတယ်။ လက်ရှိ တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းကလည်း NLD ပါတီရဲ့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

XS
SM
MD
LG