သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရမ်ကျမ်းစာ မီးရှို့မယ့် အစီအစဉ် ဗာတီကန် အသင်းတော်ချုပ် စိုးရိမ်


ဖလော်ရီဒါအခြေစိုက် ဧ၀ံဂေလိ ခရစ်ယာန် ဘုရားကျောင်းလေးက ဦးဆောင်ပြီး အစ္စလမ် ကိုရမ်ကျမ်း မိတ္တူတွေကို စက်တင်ဘာ ၁၁ ရက် အထိမ်းအမှတ်နေ့မှာ မီးရှို့မယ့် အစီအစဉ်ဟာ အတော့်ကို ဆိုးဝါးပြီး စိုးရိမ်စရာ အခြေအနေတွေကို ဖန်တီးနိုင်တဲ့ အပြုအမှုတရပ် ဖြစ်တယ်လို့ ဗာတီကန် ရိုမန်ကက်သလစ် အသင်းတော်ချုပ်က ပြောကြားလိုက်ပါတယ်။

ဘာသာအယူဝါဒတိုင်းကို လေးစားမှု ရှိဖို့နဲ့ သက်ဆိုင်ရာ တန်ဖိုးထားတဲ့ ၀တ်ပြုဆုတောင်းမှုတွေ၊ အထိမ်းအမှတ် ကိုးကွယ်လေ့ရှိတဲ့ ကျမ်းစာတွေနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ကြဖို့ ဗာတီကန် ကောင်စီရဲ့ ဘာသာအချင်းချင်း ဆွေးနွေးမှုဆိုင်ရာ အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ ပြင်းပြင်းထန်ထန် ရှုတ်ချထိုက်တဲ့ အကြမ်းဖက်မှုတရပ် ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုမျိုးကို အမေရိကန်နိုင်ငံဘက်က အမုန်းတရားကို ပြသရာရောက်တဲ့ နောက်ထပ် အကြမ်းဖက်မှုတခုနဲ့ တုံ့ပြန်ဖို့ မသင့်ဘူးလို့လည်း ပြောပါတယ်။

အမေရိကန် အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်က Dove World Outreach Center က အဖွဲ့ဝင် ၅၀ လောက်ရဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အင်္ဂါနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဒီခရစ်ယာန် ဘုရားကျောင်းက ဘုန်းတော်ကြီး တယ်ရီ ဂျုန်းစ် (Terry Jones) ကတော့ သူတို့ရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ပြည်ပမှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံသားတွေကို အကြမ်းဖက်မှုတွေ လုပ်လာနိုင်တယ်လို့ သတိပေးထားချက်နဲ့ ပတ်သက်ပြီး အလေးအနက် ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူနဲ့ သူ့နောက်လိုက်တွေဟာ အမေရိကန်နိုင်ငံမှာ စက်တင်ဘာ ၁၁ ရက် အတိုက်ခိုက် ခံခဲ့ရတဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်ပြီး ပြုလုပ်မယ့် သူတို့ရဲ့ အစီအစဉ်ကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်မှာဖြစ်ပြီး ဆန္ဒပြမှုတွေလည်း လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG