မြောက်ကိုရီးယားအရေး ရှေ့ဆက်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေ ဝါရှင်တန်မြို့မှာ ရှေ့သီတင်းပတ်အတွင်း တွေ့ဆုံ ဆွေးနွေးကြဖို့ ရှိပါတယ်။
မြောက်ကိုရီးယားအရေး သံတမန်ရေး လှုပ်ရှားမှုတွေထဲက တခုအဖြစ်နဲ့ ဒီအစည်းအဝေး ကျင်းပနိုင်ဖို့ တိုကျိုနဲ့ ဆိုးလ်မြို့တွေမှာ ဒီနေ့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
ပင်လယ်ဝါအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ဆက်လုပ်နေတာကြောင့် တင်းမာမှု အရှိန်အဟုန် တိုးလာနေပါတယ်။ နှစ်ဘက်စလုံးက ရန်စတာတွေ ဆက်လုပ်မယ်ဆိုရင် လက်တုံ့ပြန်မယ်လို့ အပြန်အလှန် ခြိမ်းခြောက်နေကြဆဲ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက အဆင့်မြင့် ယူရေနီယမ် သန့်စင်ရေး ဓာတ်ပေါင်းဖိုကို အမေရိကန် သိပ္ပံပညာရှင်ကို ဒီလဆန်းပိုင်းက ပြသခဲ့တယ်လို့ ဒီနေ့ လူသိရှင်ကြား ကြေညာလိုက်ပါတယ်။
နျူကလီးယား လက်နက်တွေ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ centrifuges ဗဟိုခွာစက်တွေ ထောင်နဲ့ချီပြီး အဲဒီဓာတ်ပေါင်းဖိုမှာ ထုတ်လုပ်နိုင်တယ်လို့ မြောက်ကိုရီးယား သတင်းမီဒီယာတွေက ကြွားလုံးထုတ်ထားပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် (Kim Jong Il) ရဲ့ အနီးကပ် လက်ထောက်တဦးဟာ ဒီနေ့ ညနေပိုင်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ရောက်ရှိခဲ့ပြီး တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား ပဋိပက္ခ ပြေလည်ရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကင်မ်ဂျုံအီးလ်ရဲ့လက်ထောက် ချိုထေဘော့ခ် (Choe Thae Bok) ဟာ မြောက်ကိုရီးယား ဦးဆောင် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်ပြီး သူနဲ့အတူ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးလည်း လိုက်ပါသွားပါတယ်။