သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူထု အနာဂတ် တိုးတက်ရေး ကာဒ့်ကမ်းဘဲလ် တိုက်တွန်း


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် အမေရိကန်က အကြီးအကျယ် စိတ်ပျက်မိကြောင်း နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့တင်မက ကိုယ့်ပြည်သူတွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်စေမယ့် လုပ်ရပ်တွေလုပ်ဆောင်ဖို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သွားရောက်ခဲ့တဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ သူ့မူဝါဒအတိုင်း တိုက်ရိုက်ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နေပေမဲ့ မကြာခင်မှာ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်လာဖို့ ရှိတယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေရဲ့ ပြောကြားချက်တွေနဲ့ အတူ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြောင်း ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ မှာတော့ Mr. Campbell က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြဿနာတွေကို အခုလိုချပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် အဓိကကျတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာတာကိုတွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါ့ပြင်မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို တစုံတရာဖြေရှင်းတာမျိုးတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုပြေလျှော့စေဖို့ သိသိသာသာ လုပ်ဆောင်တာတွေနဲ့ အတူ နောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အရ တားမြစ်ထားချက်တွေကို သေသေချာချာ လိုက်နာဖို့တွေလည်း လိုအပ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံက နျူကလီယားလက်နက်နဲ့ နည်းပညာတွေမပြန့်ပွားစေဖို့ တားမြစ်ချက်ကို မြန်မာစစ်အစိုးရက လိုက်နာဖို့ လိုအပ်တာတွေ၊ တိုင်းရင်းသားတွေကို ဖိနှိပ်ပြီး တိုက်ပွဲ ဆင်နွှဲနေ တာတွေ အပြင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခုထိ ချုပ်နှောင်ထားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဓိက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသူတွေနဲ့ ဆွေးနွေးမှုတွေမလုပ်ပဲ ရွေးကောက်ပွဲ ကျင်းပဖို့ပြင် နေတာတွေအတွက် စိတ်ပျက်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ ဒီအချက်တွေကို သိသာတိုးတက်အောင်မလုပ်ဆောင်တဲ့ အတွက် အမေရိကန်အစိုးရအနေနဲ့ မကျေနပ်ပါဘူး။ ဒါတွေကို သေသေချာချာ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမေရိကန်နိုင်ငံနဲ့ရော၊ နိုင်ငံတကာနဲ့ပါ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဖို့ အပြင် ကိုယ့် ပြည်သူအားလုံးရဲ့ အနာဂတ် ပိုမိုကောင်းမွန်အောင် လုပ်ဖို့ လိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ညှိုနှိုင်းစေ့စပ်မှုတွေ မအောင်မြင်တဲ့ သဘောရှိနေတာမို့ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေဖြစ်လာအောင် ဖိအားပေးမှု တစုံတရာ ပြင်းပြင်းထန်ထန်လုပ်လာဖို့ ရှိတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB ဖွဲ့တာဝန်ခံ ဦးအောင်ဒင်ကပြောပါတယ်။

ခုလတ်တလောပေါ့နော်၊ ပြီးခဲ့တဲ့ မေ ၈ ရက်က ဒီ ၁၉၉၇ခုနှစ် သမ္မတ ကလင်တန်လက်ထက်ကထဲက ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိတ်ပင်ဟန့်တားတဲ့ ဥပဒေကို သမတ အိုဘားမားက တနှစ်သက်တမ်းတိုးဖို့ဆုံးဖြတ်လိုက်ပြီ။ ကွန်ဂရက်လွှတ်တော်မှာလည်း ဒီ ၂၀၀၃ခုနှစ်က ချထားတဲ့ စီးပွါးရေးပိတ်ဆို့မှု ဥပဒေကို သက်တမ်းတိုးဖို့ အတွက် အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းတင်သွင်းပြီးတော့၊ လာမဲ့ ဇူလိုင် ၂၆ sanction သက်တမ်းမကုန်ခင်မှာ အတည်ပြုနိုင်ဖို့ ကျိုးစားနေကြပြီ။

နောက်လွှတ်တော်နှစ်ရပ်စလုံးကလည်း သမတ အိုဘားမားကို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်စုတစုလုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေ ဖြစ်နေတဲ့ အတွက်ကြောင့် မို့ ဒီကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ် ကင်တားနား အကြံပြုတဲ့ အတိုင်း ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စမှာ အမေရိကန်အစိုးရက ထောက်ခံဖို့နဲ့ ဦးဆောင် အကောင်ထည် ဖေါ်ဖို့ ဆိုတာကိုလည်း ဝိုင်းဝန်းတိုက်တွန်းနေကြတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအကြံပြုချက်ကို အခုချိန်မှာ လေးလေးနက်နက် စဉ်းစားနေတယ်လို့ ကျွန်တော်တို့သိရတယ်။ ဆိုတော့ ကျွန်တော်မြင်တာကတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီဟာ ပိုပြီးတော့ ပြင်းထန်လာမယ်၊ ပြတ်သားလာမယ်၊ ဆက်ပြီး နအဖစစ်အုပ်စုနဲ့ စကားပြောဆွေးနွေးတာတွေ ရှိနေတာတောင်မှပဲ။ အမေရိကန်အစိုးရရဲ့ နအဖ အပေါ်အရေးယူမှုတွေဟာ ပိုပြီးတော့ တင်းကြပ်လာမယ်လို့ မျှော်လင့်ပါတယ်။

အမေရိကန်အစိုးရက စီးပွါးရေးပိတ်ဆို့မှုအပါအဝင် မြန်မာစစ်အစိုးရအပေါ် အရေးယူမှုတွေ ချမှတ်ရာမှာ သမတအိမ်ဖြူ အပြင် အမျိုးသာလုံခြုံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနလို ဝန်ကြီးဌာနပေါင်းစုံနဲ့ ဆက်သွယ်ပြီး လုပ်ငန်းအားလုံး အကောင်ထည်ဖေါ်ရတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးတဦးကို ခန့်အပ်ဖို့ ၂၀၀၇ ခုနှစ်ထဲက လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ ဒီပြဌာန်းချက်နဲ့အညီ မကြာခင်မှာခန့်အပ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်

မှုဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးဆိုတာကိုခန့်အပ်ဖို့ သမတအိုဘားမားလက်ထဲကို ဆန်ကာတင်စာရင်းပေါ့နော် အမည်စာရင်းရောက်နေပြီးတော့ အဲဒီကနေ သူတို့ တယောက်ကို ရွေးချယ်ပြီး မကြာခင် အဆိုပြုဖို့ရှိပါတယ်။ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုတဲ့ အတွက်ကြောင့် သမ္မတအိုဘားမားက အဆိုပြုပြီးတဲ့ အခါမှာ အထက်လွှတ်တော်က ဒါကို စုံစမ်းစစ်ဆေးပြီးတော့ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒါကလည်းမကြာခင်မှာ ခန့်အပ်တော့မယ်လို့ ကျွန်တော်တို့ သိရပါတယ်။

XS
SM
MD
LG