သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တိုးတက်မှု Kurt Campbell ဆွေးနွေး


အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell
အမေရိကန်နိုင်ငံမှာ မနေ့က စ ကျင်းပတဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မဟာဗျူဟာ လေ့လာရေး ဌာန CSIS မှာလုပ်တဲ့ ဒုတိယနေ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အလားအလာကောင်းတွေ ဖြစ်ထွန်းနေမှုကို အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ဆွေးနွေးတင်ပြသွားပါတယ်။

စီးပွားရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး စတဲ့ ကဏ္ဍတွေမှာ တိုးတက်မှုတွေ ရှိလာတယ်လို့ လည်း ဆိုပါတယ်။ ဒီအကြောင်း အနှစ်ချုပ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပထမဆုံးကတော့ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာတယ်ဆိုတာကို ဦးစားပေးပြီး ပြောသွားတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီအထဲမှာ အရေးကြီးတာက အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းက အလုပ်အကိုင်ဖန်တီးနိုင်တဲ့ လုပ်ငန်းတွေ လေ့ကျင့်သင်တန်းပေးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မူ ဝန်ဆောင်မူ စတာတွေကို ဆောင်ရွက်ဖို့အတွက် အခွင့်ကောင်းတွေဖြစ်တယ်။ ဒါပေမယ့်လည်း စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးကိစ္စမှာလည်း နှုတ်ဆိတ်မနေသင့်ဘူး။ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်ပေးဖို့ လိုသေးတယ်။ နောက် တတိယအချက်တခုကတော့ တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး ကိစ္စဖြစ်ပါတယ်။ တချိန်တုန်းကဆိုရင် ဒီကိစ္စဟာ မြန်မာနိုင်ငံအစိုးရအတွက် အင်မတန်အကဲဆတ်တဲ့ ကိစ္စဖြစ်တယ်။ ပြည်ပက ဝင်ရောက်စွက်ဖက်တယ် ဆိုပြီးတော့ အပြောခံခဲ့ရတဲ့ကိစ္စဖြစ်ပေမယ့် အခုအခါမှာတော့ ပြည်ပက ကူညီမယ့်ကိစ္စကို သူတို့ တံခါးဖွင့်လက်ခံနေတယ်လို့ဆိုပါတယ်။

ဒီနေရာမှာ အစိုးရနဲ့ချည်းပဲ ထိတွေ့ဆွေးနွေးလို့မဖြစ်ပဲ တိုင်းရင်းသားအင်အားစုတွေနဲ့ လည်းပဲ ဆွေးနွေးဖို့ လိုအပ်တယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမယ်။ သူတို့လိုချင်တဲ့ အဓွန့်ရှည်ကြာတဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်နိုင်မလဲ။ သူတို့လိုချင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးပုံသဏ္ဍန်က ဘယ်လိုလည်း ဆိုတာကအစ သူတို့ သိရှိအောင် လေ့လာရမယ်လို့ သူက ဆိုပါတယ်။

နောက်တခုက ပြည်ပဆက်ဆံရေး မြန်မာနိုင်ငံ ဟာ နိုင်ငံတကာမှာ ဝင်ဆန့်လာတာကို လည်း သူတို့ အားရမှုရှိတယ်။ အထူးထောက်ပြသွားတာ တခုကတော့ မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံ ဆက်နွယ်မှုဟာလည်း ပြတ်တောက်သွားနိုင်တဲ့ အစပျိုးမှုတွေကို တွေ့နေရပြီလို့လည်း ဆိုပါတယ်။
တခါ မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး ပွင့်လင်းလာတဲ့ အတွက် တရုတ်နဲ့ ဆက်ဆံရေးကို ဘယ်လိုထိခိုက်နိုင်လိမ့်မလဲ ဆိုတဲ့သဘော သတင်းထောက် တယောက်က မေးပါတယ်။

အဲ့ဒီ့ကိစ္စကို ဖြေကြားရမှာတော့ မစ္စတာ ကမ့်ဘဲလ် Campbell က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်ဖို့ ကျနော်တို့ ထောက်ခံတယ်ဆိုတာ ကျနော်တို့နဲ့ မြန်မာအစိုးရနဲ့ရော အတိုက်အခံနဲ့ပါ ထိတွေ့ဆက်ဆံတဲ့နေရာမှာ အထင်အရှားတွေ့ရပါတယ်။

သူတို့ဟာ ကူးသန်းရောင်းဝယ်မှု တန်းတူမျတပြီး နိုင်ငံရေး သံတမန်ရေးအရ လည်း လေးလေးစားစား ဆက်ဆံမှုကို လိုချင်ပါတယ်။ ကျနော်တို့လည်း ဒါတွေကို ထောက်ခံပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးကို အကျိုးရှိစေမယ့် ကိစ္စဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ အိန္ဒိယတို့အကြား၊ မြန်မာနိုင်ငံနဲ့ အခြားသော အာရှနိုင်ငံတွေအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းဖို့လည်း ကျနော်တို့ လိုလားပါတယ်။

အမှန်ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကိုလည်း အလေးအနက် ရှင်းပြခဲ့ပြီးပါပြီ။ သူတို့ဟာ စီးပွားရေးအရ ဆည်မြောင်း တည်ဆောက်တယ်။ သစ်လုပ်ငန်းတွေ လုပ်တယ် စတဲ့ လုပ်ငန်းတွေ ဆောင်ရွက် နေကြပါတယ်။ ဒီလုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သတင်းထောက်ရဲ့ အမေးကို မစ္စတာ Kurt Campbell က ဖြေကြားသွားတာဖြစ်ပါတယ်။
XS
SM
MD
LG