သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုင်းတုံဆွေးနွေးမှုက တိုက်ပွဲတွေ အဆုံးသတ်ပေးမလား


ရှမ်းပြည်နယ် ကျိုင်းတုံမြို့က အစိုးရငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ခေါင်းဆောင်တွေ တွေ့ဆုံမှု။
သတင်းဓာတ်ပုံ-ဦးလှမောင်ရွှေ (NRPC) (သြဂုတ် ၃၁၊ ၂၀၁၉)
ရှမ်းပြည်နယ် ကျိုင်းတုံမြို့က အစိုးရငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်ခေါင်းဆောင်တွေ တွေ့ဆုံမှု။ သတင်းဓာတ်ပုံ-ဦးလှမောင်ရွှေ (NRPC) (သြဂုတ် ၃၁၊ ၂၀၁၉)

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးနဲ့ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ သဘောတူညီမှု ရခဲ့ကြပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ နှစ်ဖက်တွေ့ဆုံပြီးချိန် ကချင်၊ ရခိုင်၊ တအာင်း၊ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့ ၄ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးဗဟိုအဖွဲ့တို့ အခုလို ပူးတွဲထုတ်ပြန်လိုက်တာပါ။ ဒီသဘောတူညီမှုတွေကနေ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု မျှော်လင့်ချက်တွေ ရနိုင်ပါသလဲ သဘောထားအမြင်တွေ မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ MNTJP (မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ) ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြချိန် လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ ဒီကနေ့ ပူးတွဲသတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတဝှမ်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေးနဲ့ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် Bilateral Ceasefire Agreement လက်မှတ်ရေးထိုးနိုင်ရေးကို အဓိက ဦးတည်ဆွေးနွေးခဲ့ကြတာပါ။ ဒီလိုမျိုး Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးနောက်မှာတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ပတ်သက်ပြီး ဆက်ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့တာပါ။

တဆက်တည်းမှာပဲ ဒီဆွေးနွေးပွဲမှာ တပ်နေရာချထားရေး၊ တိုက်ပွဲတွေမဖြစ်အောင် မည်သို့မည်ပုံ ဆောင်ရွက်ကြမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ စပ်လျဉ်းပြီး တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆက်ဆွေးနွေးဖို့ သဘောတူညီခဲ့ကြတဲ့အကြောင်း စတဲ့ သဘောတူညီမှု အချက် ၆ ချက်ပါ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကြား သဘောတူညီချက် ထုတ်ပြန်နိုင်ခဲ့မှုအပေါ်မှာတော့ ရခိုင်အမျိုးသားကောင်စီANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် အခုလိုသုံးသပ်ပါတယ်။

“သူတို့ရဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်မှာ အချက် ၆ ချက်ပါတာ တွေ့တာပေါ့။ အချက် ၆ ချက်ထဲမှာတော့ သူတို့ တချက်ဖော်ပြထားတာတွေ့တယ်။ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တပ်မတော်နဲ့ ထပ်ပြီးတော့မှ တွေ့ကြမယ်ပေါ့ဗျာ။ တပ်အချင်းချင်း စကားထပ်ပြောမယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒါကို စက်တင်ဘာလလယ်ကို သူတို့ပြန်ချိန်းတာ တွေ့ရတယ်။ အဲဒီနေ့ရက်တွေမှာရော ဖြစ်ပါ့မလားပေါ့လေ။ သူတို့ နေရာတွေ ပြန်ညှိကြမယ်လို့တော့ပြောတယ်။ အဲဒီသဘောတူညီချက်အရ သူတို့ တပ်အချင်းချင်း တွေ့တဲ့အခါမှာ ဘယ်လိုဖြစ်လာမလဲ၊ အဲဒါကို စောင့်ကြည့်ရမှာပေါ့။ တပ်မတော်က တကယ်သာ စေတနာမှန်တယ်ပေါ့လေ၊ ငြိမ်းချမ်းရေးကို ရလိုတယ်၊ တကယ် စေတနာမှန်တယ်ဆိုရင်တော့ အဲဒီဆွေးနွေးပွဲက အပြုသဘောဆောင်တဲ့ ပိုပြီးတော့မှ အရှေ့ကိုရောက်တဲ့ အဖြေရလဒ်ထွက်ရမယ်လို့ ကျနော်ကမြင်တယ်။ အခု ဒီနေ့ထွက်လာတဲ့ ရလဒ်ကတော့ ထပ်တွေ့ကြမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ နောက်ပြီးတော့မှ တရုတ်ကုန်သွယ်ရေး လမ်းကြောင်းကို အဓိက ပြန်ဖွင့်ချင်တဲ့ ရည်ရွယ်ချက်လို့ ကျနော်က အဲဒီလိုမြင်မိတယ်။ ဒါပေမယ့် ဒီနေ့ ပူးတွဲထုတ်ပြန်ချက်ကတော့ လက်ရှိတိုက်ပွဲတွေကို အလုံးစုံ သူတို့ ရပ်တန့်နိုင်မယ်လို့တော့ ကျနော် မထင်ဘူး။ မြေပြင်မှာတော့ လှုပ်ရှားမြဲ လှုပ်ရှားနေတာ ကျနော်တို့ တွေ့နေရတယ်။”

အခုလတ်တလော ရှမ်းမြောက်၊ ရခိုင် စတဲ့ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် အခုလို တိုင်းရင်းသား မဟာမိတ်တပ်ပေါင်းစု ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုအပေါ် ခေတ္တရပ်ဆိုင်းသလိုဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်အဆင်ပြေလာနိုင်ဖို့ မျှော်လင့်ချက်ဖြစ်စေပါတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဒုဥက္ကဋ္ဌ ဦးသုဝေက ရှုမြင်ပါတယ်။

“ဒီလိုတွေ့ဆုံလိုက်တဲ့ဟာက အများကြီး သက်သာသွားနိုင်တာပေါ့ဗျာ။ နို့မို့ဆိုရင် အခက်အခဲတွေ အများကြီးတွေ့ပြီး ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ ဝမ်းသာပါတယ်။ ကျနော်တို့လည်း တွေ့ဆုံမှာကို တိုက်တွန်းတယ်။ တိုက်တွန်းတဲ့အပြင်ကို အဲဒီ တွေ့ဆုံတဲ့အခါမှာ အဆုံးအဖြတ်ပေးဖို့ပေါ့ဗျာ၊ နှစ်ဖက်စလုံးက အဆုံးအဖြတ်ပေးနိုင်တဲ့လူတွေ ဆုံးဖြတ်ကြ၊ ပြီးအောင်လုပ်ကြပါဆိုပြီး ကျနော်တို့လည်း တိုက်တွန်းတာပေါ့ဗျာ၊ ဝမ်းသာတယ်လို့ ဒါကြောင့် ပြောချင်တာပါ။”

ဒီကနေ့မှာ တပ်မတော်ကနေ စစ်တိုင်းဒေသကြီးငါးခုမှာ တဖက်သတ် အပစ်ရပ်စဲထားမယ်လို့ ကြေညာခဲ့တာ သက်တမ်းကုန်ဆုံးချိန်လည်း ဖြစ်ပါတယ်။ ဒီကနေ့ မဟာမိတ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုရဲ့ သဘောတူညီချက်ထဲမှာ တပ်မတော်နဲ့ ဆက်ဆွေးနွေးမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ တပ်မတော်နဲ့ ဆွေးနွေးမှုကရော မျှော်လင့်ချက်ရှိပါမလား ဆိုတာကိုတော့ ရခိုင်အမျိုးသားကောင်စီANC ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် အခုလို ရှုမြင်ပါတယ်။

“တပ်မတော်ကနေပြီး မြန်မာပြည် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ စစ်တိုင်းငါးခုမှာ ကွက်ကြား အပစ်အခတ်ရပ်စဲရေး လုပ်တာကတော့ ဒါက စာရွက်သာသာပဲရှိတယ်၊ ထုတ်ပြန်ကြေညာချက် သာသာပဲရှိတယ်။ သူတို့ထုတ်ပြန်လိုက်တာကနေပြီးတော့မှ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ရေတွက်ကြည့်လိုက်ရင် သူတို့ လေးလတကြိမ်၊ နှစ်လနှစ်ကြိမ် အဲလိုမျိုး သူတို့ကြေညာတော့ ရှစ်လပေါ့။ ရှစ်လအတွင်းမှာ ပြန်ကြည့်လိုက်တဲ့ အခါကျတော့ တိုက်ပွဲအနေအထားအရ ကချင်ပြည်နယ်မှာ လျော့ကျသွားတယ်လို့ ပြောလို့ရပေမယ့်လို့ အထူးသဖြင့် TNLA တို့ MNDAA တို့နဲ့ ပြန်ဖြစ်တယ်။ နောက်ပြီးတော့ RCSS နဲ့လည်း ဖြစ်တယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့၊ နောက် SSPP နဲ့လည်း ဖြစ်တာတွေ့တယ်။ ရခိုင်ဘက်မှာ ဆိုရင်တော့ အကြီးအကျယ် ဖြစ်တာပေါ့နော်၊ တောက်လျှောက်ဖြစ်တယ်။ ဒီရှစ်လတာ ကာလအတွင်းမှာဆိုရင် အားလုံးသိတဲ့အတိုင်းပဲ၊ ဆိုတော့ တပ်မတော်ရဲ့ ကွက်ကြား အပစ်အခတ်ရပ်စဲရေးကလည်း ဒါ အလုပ်မဖြစ်တဲ့ လက္ခဏာပေါ့။ သူက ကျနော်အရင်ပြောခဲ့တဲ့ အတိုင်းပါပဲ၊ သူကတော့ ငြိမ်းချမ်းရေးရလိုတဲ့၊ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ တဖက်သတ်အပစ်အခတ်ရပ်စဲရေးမျိုး ဆိုတာထက် သူ့ရဲ့ စစ်ရေးရည်မှန်းချက်ကို အကောင်အထည်ဖော်တဲ့ အပစ်အခတ်ရပ်စဲရေးလိုမျိုး ဖြစ်နေတယ်။”

ဒီကနေ့ မြန်မာအစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ မဟာမိတ်ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီးမှာတော့ လာမယ့် စက်တင်ဘာလ ၁၆၊ ၁၇ ရက်နေ့တွေမှာ ထပ်မံတွေ့ဆုံကြဖို့နဲ့ တွေ့ဆုံမယ့်နေရာကို နှစ်ဖက် ဆက်လက်ညှိနှိုင်းသွားကြဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ စစ်တိုင်းဒေသကြီးငါးခုမှာ တပ်မတော်ဘက်က အပစ်ရပ်ထားတာကို လာမယ့် စက်တင်ဘာလ ၂၁ ရက်နေ့အထိ သက်တမ်းထပ်တိုးမြှင့် ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနဲ့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးမယ်ဆိုပြီး ၂၀၁၈ ခုနှစ၊် ဒီဇင်ဘာလ ၂၁ ရက်နေ့ကစလို့ ၈ လကြာ အပစ်ရပ်ကြေညာခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံး ယုံကြည်မှုအပြည့်နဲ့ ဆက်ဆောင်ရွက်နိုင်ရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ လက်ရှိဆွေးနွေးနေဆဲ အခြေအနေတွေ ဆောင်ရွက်နိုင်ဖို့ အထက်ဖော်ပြပါ တိုင်းစစ်ဌာနချုပ် နယ်မြေတွေက စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရပ်ပေးမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကျိုင်းတုံဆွေးနွေးမှုအပြီးမှာပဲ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG