သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲမှာ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရမှုရှိ


ကျောက်မဲမှာဗုံးကြဲ တိုက်ခိုက်ခံရတဲ့မြင်ကွင်း
ကျောက်မဲမှာဗုံးကြဲ တိုက်ခိုက်ခံရတဲ့မြင်ကွင်း

ရှမ်းမြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့မှာ တနင်္လာနေ့က ဗုံးကြဲ ခံရတဲ့အတွက် ဒေသခံအမျိုးသား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ မျက်မြင်တွေ့တဲ့ ဒေသခံတွေက ပြောပါတယ်။ ကျောက်မဲမြို့က အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တအာင်းပြည်တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့က ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဇန်နဝါရီလ ၂၇ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်မှာ လေကြောင်းနဲ့ ဗုံးလာကြဲလို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အကြောင်း မျက်မြင်တွေ့တဲ့ ကျောက်မဲဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ထိတာကတော့ ၄ ယောက်လောက်ထိမယ်။ အမျိုးသား ၁ ဦးကတော့ သေသွားတယ်။"

ဇန်နဝါရီလ ၂၅ ရက်၊ ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ကျောက်မဲပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၂ ဦးထက်မနည်း ရှိခဲ့ပြီး CDM ကျန်းမာရေးဝန်ထမ်းအပါအဝင် အရပ်သားပြည်သူ ၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တနင်္လာနေ့ မှာတော့ ညဈေးတန်းနဲ့ ခရိုင်ရုံးပေါ်ကို ဗုံးကြဲချခဲ့တာလို့ ပြောပါတယ်။

"ညဈေးတန်းနဲ့ ခရိုင်ရုံး အနီးတဝိုက်မှာတော့ တည်းခိုခန်းတို့ ဘာတို့ရှိတာပေါ့။ အဲဒီမှာ ကျသွားတာ၊ တလုံးပါပဲ။ ဒါပေမဲ့ အနည်းဆုံး လူ ၄ ယောက်လောက်တော့ ထိသွားတယ်။ တယောက်ကတော့ သေတာပေါ့ဗျာ။ ကျန်တဲ့သူကတော့ ဒဏ်ရာအသီးသီးရတာပေါ့။ ထိခိုက်ပျက်စီးမှုကတော့ မြင်ရတဲ့အတိုင်းပါပဲ။"

ဗုံးဒဏ်ကြောင့် အဆောက်အအုံ ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေ ထိခိုက်ပျက်ဆီးတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြား အတည်ပြုနိုင်အောင် ကြိုးစားနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ ကျောက်မဲမှာ အခုရက်ပိုင်းအတွင်း လေကြောင်း အသုံးပြုပြီး ဗုံးကြဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG