သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲပြည်သူ့ဆေးရုံ စစ်ကောင်စီဗုံးကြဲ


TNLA က ထုတ်ပြန်တဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။ ဇန်နဝါရီ ၂၅ (စနေနေ့)၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - PSLF / TNLA / Telegram
TNLA က ထုတ်ပြန်တဲ့ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။ ဇန်နဝါရီ ၂၅ (စနေနေ့)၊ ၂၀၂၅ ခုနှစ်။ ဓာတ်ပုံ - PSLF / TNLA / Telegram

ရှမ်းမြောက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု ဖြစ်တဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆရာမ ၁ ဦးနဲ့ လူနာ ၁ ဦးသေဆုံးပြီး ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အရပ်သား ၂၀ ဉီး ထိခိုက်ခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၂၅ ရက် (စနေနေ့) က သူ့ရဲ့ တရားဝင် သတင်းပြန်ကြားရေး တယ်လီဂရမ် လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ် အဖွဲ့ဝင် TNLA ကို စစ်ကောင်စီနဲ့ တဖွဲ့ချင်း ဆွေးနွေးဖို့ တရုတ်နိုင်ငံက တိုက်တွန်းနေတယ်လို့ သတင်းတွေ ထွက်နေချိန်မှာပဲ အခုလို လူအသေအပျောက် ရှိတဲ့ တိုက်ခိုက်မှုသတင်းကို TNLA က ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်လာတာပါ။ စစ်ကောင်စီဘက်ကတော့ ဒီကိစ္စ ချက်ချင်း တုံ့ပြန်တာမျိုး မရှိသေးပါဘူး။

TNLA ရဲ့ ထုတ်ပြန်ချက် အရ စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာလေယာဥ်နဲ့ ၂ ကြိမ်၊ ဗုံး ၄ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၆၇ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ လူနာ ကုတင် ၁၅၀ ခု ဆံ့ ဆေးရုံဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ဆေးရုံတခုလုံး ပျက်စီးသွားတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA က ထုတ်ပြန်တဲ့ ကျောက်မဲ ဆေးရုံ အပျက်အစီး မြင်ကွင်း။ ဓာတ်ပုံ - PSLF/ TNLA/ Telegram။ ဇန်နဝါရီ ၂၅၊ ၂၀၂၅ ခုနှစ်။
TNLA က ထုတ်ပြန်တဲ့ ကျောက်မဲ ဆေးရုံ အပျက်အစီး မြင်ကွင်း။ ဓာတ်ပုံ - PSLF/ TNLA/ Telegram။ ဇန်နဝါရီ ၂၅၊ ၂၀၂၅ ခုနှစ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ တုန်းကလည်း နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေရဲ့ အရင်က မေးမြန်းချက်တွေကို စစ်ကောင်စီက တုံ့ပြန်ရာမှာတော့ အရပ်သား ထိခိုက်မှု မရှိအောင် သေချာ ပစ်မှတ်ထား လုပ်ဆောင်တယ်လို့ ကာကွယ်ပြောဆိုလေ့ရှိပေမယ့် နိုင်ငံတကာက စောင့်ကြည့်ကြသူတွေကတော့ အရပ်သား ထိခိုက်မှုတွေကို မကြခဏ မှတ်တမ်းတင် ထုတ်ပြန်လေ့ရှိပါတယ်။

ကုလသမဂ္ဂရဲ့ လက်နက်ကိုင်အကြမ်းဖက်မှု လှုပ်ရှားမှု လေ့လာချက်တွေကို ကိုးကားပြီး ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာနေပြီး ရာခိုင်နှုန်းအရ ၂,၅၆၃ % တိုးလာကာ အရေအတွက် အားဖြင့် ၈ ကြိမ်ကနေ ၂၁၃ ကြိမ် အထိ ခုန်တက်လာတယ်လို့ ဆိုပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုကလည်း ၆၂ ယောက်ကနေ ၂,၀၁၂ အထိ ၃‌,၁၄၅ ရာခိုင်းနှုန်း တိုးမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG