သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝဒေသနဲ့ ကိုးကန့်နယ်စပ်ကုန်စည်ကူးသန်းမှု UWSA ပြန်ခွင့်ပြု


UWSA ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Photo: C J)
UWSA ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (Photo: C J)

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့အချိန်က စတင်ပိတ်ပင်ခဲ့တဲ့ ဝဒေသ ဟိုပန်ကနေ ကိုးကန့်နယ်မြေကိုကုန်စည်ကူးသန်းတာတွေကို ဒီကနေ့ကစတင်ပြီး ပြန်လည်ခွင့် ပြုလိုက်ပါတယ်။ ဒီလို လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ စတင်နိုင်တာကြောင့် နှစ်ဘက်ပြည်သူတွေ အဆင်ပြေချောမွေ့စေတယ်လို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။ တချိန်တည်းမှာတော့ တရုတ်ပြည်နဲ့ ကိုးကန့်နယ်မြေအကြား ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တွေလည်း ပြန်လည် ဖွင့်လှစ်လာပြီဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသက ကုန်သွယ်ရေးတွေ ပြန်လည်စတင်တဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ်ပြောပြမှာပါ။


၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ခဲ့တဲ့၂၀၂၄ ခုနှစ် ဇူလိုင်လလောက်က ပိတ်ခဲ့တဲ့ ဝဒေသ ဟိုပန်နဲ့ ကိုးကန့်နယ်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားကနေ ကုန်ပစ္စည်းတင်ပို့တာတွေ ဒီလ ၂၀ ရက်နေ့မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလို လွတ်လွတ်လပ်လပ် ကုန်သွယ်မှုတွေ စတင်နိုင်တာကြောင့် နှစ်ဘက်ပြည်သူတွေအနေနဲ့ ကူးလူးဆက်သွယ်မှုတွေ ပိုမိုအဆင်ပြေစေတယ်လို့ UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက တနင်္လာနေ့မှာ VOA ကို အခုလို ပြောပါတယ်။

“ ဟုတ်တယ်။ ဒီနေ့ပဲ စဖွင့် လိုက်တယ်နော်။ အဲလို ဖွင့်ခြင်းအားဖြင့်လည်း နှစ်ဘက်မှာရှိတဲ့ ပြည်သူတွေ ကူးလူး ဆက်ဆံမှုတွေ ပိုပြီးမှ အဆင်ပြေချောမွေ့စေတာပေါ့နော်။”

Wa New Land ခေါ် ၀ သတင်းမီဒီယာကတော့ တရုတ်ပြည်အစိုးရရဲ့ ညွှန်ကြားချက်အရ ဝကနေ ကိုးကန့်ဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း UWSA ဦးစီးချုပ်ရုံးကနေ ဒီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြပါတယ်။


ဒီထုတ်ပြန်ချက်မှာ ကိုးကန့်ဒေသနဲ့ ဝပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ် တံတားကနေ မော်တော်ယာဉ်၊ လူနဲ့ ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာ ရုံးက အကြောင်းကြားခဲ့တာလို့လည်း ပါရှိပါတယ်။

ကိုးကန့်နယ်ကို ကုန်စည်တင်သွင်းခွင့်ပြုရာမှာတော့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပစ္စည်းတွေကလွဲလို့ ပြည်သူတွေလိုအပ်တဲ့နေ့စဉ်သုံးပစ္စည်းတွေကို ပုံမှန် ရောင်းဝယ်နိုင်ကြောင်းလည်း Wa New Land က ဖော်ပြပါတယ်။

ကိုးကန့်နယ်ကို အခုလို ကုန်ပစ္စည်း တင်သွင်းခွင့် ပြုတာဟာ မြန်မာစစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်အကြား အပစ်ရပ်သဘောတူညီချက် ရရှိကြောင်း တရုတ်နိုင်ငံက ကြေညာခဲ့တဲ့နောက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီနဲ့ ကိုးကန့် MNDAA တပ်တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ဒီလ ၁၈ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် ၂၀၂၄ ဇူလိုင်လလောက်က ပိတ်ခဲ့တဲ့ လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ နမ့်တစ်က တရုတ်-မြန်မာ နယ်ခြားဂိတ်တွေကိုလည်း ဒီလ ၁၉ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတော့ တရုတ်နိုင်ငံဘက်က နမ့်တစ်ဂိတ်ကို ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် UWSA ထိန်းချုပ်ရာ ဟိုပန်မြို့မှာ စက်သုံးဆီနဲ့ အိမ်ဆောက်ပစ္စည်းတွေ ပြတ်လပ်ခဲ့တာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားခဲ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလမှာ ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက လက်ရှိ ပြန်လည်ဖွင့်လိုက်တဲ့ ဂိတ်တွေအပြင် ကျင်စန်းကျော့ဂိတ်နဲ့ နမ့်ခမ်းဂိတ်တွေကို သိမ်းယူခဲ့ပေမဲ့ ဒီဂိတ်တွေ ပြန်လည်ဖွင့်တဲ့ သတင်းတော့ မကြားသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG