တရုတ်အစိုးရရဲ့စီစဉ်ပေးမှုနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ ဒီကနေ့တရုတ်နိုင်ငံကူမင်းကို ရောက်ရှိလာကြပြီဖြစ်ပြီး မနက်ဖြန် ဒီဇင်ဘာ ၁၅မှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ ဒီဆွေးနွေးပွဲအပေါ်မှာ အကဲခတ်တွေဘက်ကတော့ ဖိအားပေးတဲ့ငြိမ်းချမ်းရေး အောင်မြင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ ကူမင်းဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ကိုယ်စားလှယ် ၄ဦး၊ ကိုးကန့်အဖွဲ့ဘက်က ကိုယ် စားလှယ် ၇ဦး တက်ရောက်မယ်လို့ နီးစပ်သူက ဗွီအိုအေကိုပြောပါတယ်။ ရန်ကုန်ကပေးပို့ထားပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီကြားမှာ တရုတ်စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ်ထဲက ကူမင်းမြို့မှာ မနက်ဖန်ဒီဇင်ဘာ ၁၅ မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီကနေ့မှာ ၂ဘက်အဖွဲ့တွေ ကူမင်းကို လာရောက်မှာဖြစ်တယ်လို့ ဗွီအိုအေကိုပြောပါတယ်။ တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်ဆီက ဗွီအိုအေက သိထားရသလောက် စစ်ကောင်စီဘက်ကအမှတ်(၁)စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦးက ဦးဆောင်မှာဖြစ်ပြီး ဗိုလ်မှုးချုပ် သန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ၂ဦးဖြစ်တဲ့ ကျော်စိုးလွင်၊ ဖြိုးငွေ တို့ပါဝင်တယ်လို့ပြောပါတယ်။ ကိုးကန့်အဖွဲ့မှာတော့ ဖုန်တာရွှင် သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်း၊ နိုင်ငံခြားရေးဌာနကြီးမှူး ကျီးရှင်း၊ ပြန်ကြားရေးဌာန ဒုဌာနမှူး လီကျားဝေ အပါအဝင် ၇ဦးခန့်တက်ရောက်ဖို့ ရှိနေပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦးဟာ မကြာသေးခင်ကမှ ၂၀၂၃ခုနှစ် ဩဂုတ်လ အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသူပါ။ အရင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူခဲ့သူပါ။ အဲဒီနောက်မှာ ဗိုလ်ချုပ်ရာထူးဖြစ်လာကာ ၂၀၂၃ခုနှစ် ဩဂုတ်လတွင် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အရင်က စစ်ဦးစီးအရာရှိနဲ့စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေ ယူခဲ့သူတဦးပါ။
ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း MNDAA က ဒီလ ၃ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် ခုလိုတွေ့ဆုံဖို့ဖြစ်လာတာပါ။ မနက်ဖြန်မှာ ကိုးကန့်တဖွဲ့တည်းနဲ့ သီးသန့်တွေ့မှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကအမြင်အမျိုးမျိုးရှိနေပါတယ်။ နိုင်ငံရေးစစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီဆွေးနွေးပွဲက ရလဒ်ကောင်းတွေထွက်ပေါ်ဖို့ခက်လိမ့် မယ်လို့ သုံးသပ်လိုက်ပါတယ်။
"တရုတ်ရဲ့ဗမာပြည်မှာငြိမ်းချမ်းတည်ငြိမ်ရေးစစ်ရပ်ဆဲရေး၊ နောက်သူ့မဟာဗျူဟာအကျိုးစီးပွားတွေထဲ ကမူဆယ်မန္တလေးလမ်းကြောင်းတွေပြန်ဖွင့်လှစ်နိုင်ရေး စတဲ့သူ့ဦးတည်ချက်တွေကို အကောင်အထည် ဖော်ဖို့အတွက် သူဆိုင်ရာပိုင်ရာ MNDAA တို့ TNLA တို့၊ ဝတို့ကိုဖိအားပေးလုပ်ဆောင်နေတဲ့ လုပ်ငန်း စဉ်တွေကိုဆက်လုပ်တာလို့မြင်တယ်။ ဒီဆွေးနွေးပွဲတွေရဲ့အကျိုးဆက်ကအကောင်းဘက်ကို ဦးတည် လာ နိုင်စရာအကြောင်းမရှိပါဘူး။ ဘာ ကြောင့်လဲဆို MNDAAခေါင်းဆောင်တွေကိုက စစ်ကောင်စီကို ယုံယုံ ကြည်ကြည်နဲ့ငြိမ်းချမ်းရေးရပ်စဲ ဖို့ လိုလားမှုရှိစွာဒီအစည်းအဝေးတွေပေါ်ပေါက်မှုရှိလာတာ မဟုတ်ပါဘူး။ နယ်စပ်ဒေသ တည်ငြိမ်ရေးဆိုပြီးအတင်းဖိအားပေးပြီးတော့ ငြိမ်းချမ်းရေးလုပ်ခိုင်းတာ ပါ အဲလိုနည်းနဲ့ စေ့စပ်ဆွေး နွေးမှုတွေကသမိုင်းမှာဘယ်တုန်းကမှမအောင်မြင်ခဲ့ဘူး။ ခဏဘဲဟန်ပြဘဲ။"
MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ကြမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီဇင်ဘာလဆန်းက ထုတ်ပြန်တဲ့ MNDAA ရဲ့ ကြေညာချက်မှာ ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြီး သူတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ပြောဆို ထုတ်ပြန်ထားပါတယ်။ နောက်ပြီးမြန်မာနိုင်ငံအနှံ့ စစ်တပ်ရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်ဆိုင်း ပေးဖို့ လည်း တောင်းဆိုထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးနည်းလမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို လိုလားပေမဲ့ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ခွင့်ကိုတော့ အရင်အတိုင်း ဆွဲကိုင်ထားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။
တရုတ်ဘက်က သူတို့ဆီမှာ ဆေးလာကုနေတယ်လို့ပြောတဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကိုထိန်းသိမ်းထားပြီး စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ဖိအားပေးတဲ့ သဘောလည်း ယူဆမှုတွေရှိနေပေမယ့် ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင်သေးပါဘူး။ ကိုးကန့်ခေါင်းဆောင် ဖုန်းတာရွှင် တရုတ်ကို ဆေးကုဖို့ရောက်နေတာပါလို့ တရုတ်နိုင်ငံခြားရေးဌာနကတော့ ပြောဆိုထားပါတယ်။
MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်က ဒီလအတွင်းမှာ တရုတ်နိုင်ငံက တရုတ်-မြန်မာနယ်စပ် အခြေ စိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းအလိုက် တွေ့ဆုံတာတွေရှိခဲ့ကြောင်း ပြောပါ တယ်။ အာရက္ခတပ်တော် AA နဲ့ တရုတ်အစိုးရဘက်က ဒီဇင်ဘာလ ၁ ရက်နေ့က ထိန်ချုံးမြို့မှာ တွေ့ဆုံပြီး ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ UWSA ဝအဖွဲ့ ၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ TNLA တအာင်းအဖွဲ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ KIA ကချင်အဖွဲ့နဲ့ ကူမင်းမှာ တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံပွဲတွေ အကြောင်းသိထားသူက ပြောဆိုထားပါတယ်။ ဘယ်လောက်ထိဆွေးနွေးမှုရှိလဲ ဆွေးနွေးမှုရလဒ်တွေ ထွက်လာမလည်းဆိုတာကိုတော့ မသိရသေးပါဘူး။ KIO ဥက္ကဋ္ဌနဲ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးနေချိန်မှာတော့ ကချင်ပြည်နယ်အတွင်းက တရုတ်နယ်စပ်ဂိတ် အတားတွေ ပြန်ဖွင့်တာတွေ ရှိပါတယ်။
Forum