တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဒီဇင်ဘာလ ၃ ရက်နေ့က စလို့ တဖက်သတ်အပစ်ရပ်မယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ မကြာသေးခင်ကပဲ တအောင်းတပ်ဖွဲ့ TNLA ကလည်း အပစ်ရပ်ဆွေးနွေးဖို့အသင့်ရှိကြောင်း ကြေညာခဲ့ပါတယ်။ တရုတ်ကြားဝင်စေ့စပ်ပေးမှုက တကယ်ပဲအလုပ်ဖြစ်ပါ့မလား၊ တွေ့ဆုံဆွေးနွေးမှုတွေကရော အောင်မြင်နိုင်ပါ့မလား အကဲခတ်တွေရဲ့ သုံးသပ်ချက်အမြင်တွေ ရန်ကုန်က စုစည်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။
MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် မြန်မာနယ်စပ်က အဓိကကျတဲ့ ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ မြို့တော်တော်များများကို ညီနောင်မဟာမိတ်အဖွဲ့တွေက ထိန်းချုပ်လိုက်နိုင်တာပါ။ တရုတ်ဘက် ကလည်း ကိုးကန့်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်တာ၊ လျှပ်စစ်မီးဖြတ်တာ၊ ရေဖြတ်တာ၊ အင်တာနက်ဖြတ်တာ၊ ထောက်ပို့ဖြတ်တာ နဲ့ လူအင်အားဖြတ်တာစတဲ့ ဖြတ်ငါးဖြတ်ကို လုပ်ခဲ့ပါတယ်။ နောက်ပြီး MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ဆိုသလို လုပ်ခဲ့ပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်လာနေချိန်မှာပဲ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ တဖက်သတ်အပစ်အခတ်ရပ်စဲမယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ စစ်ကောင်စီတပ်တွေကို အစပြု တိုက်ခိုက်မှာမဟုတ်သလို စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်စဲပေးရမယ်လို့လည်း MNDAA က တောင်းဆိုပါတယ်။
တရုတ်မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ ခုလက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှု အပစ်ရပ်မှုတွေက တရုတ်ပါဝင်မှုရဲ့ အကျိုးဆက်တခုဖြစ်တာ မို့ ဘယ်လောက်ထိ ဖြစ်လာနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမယ်လို့ သူ့အမြင်ကိုခုလိုပြောပြပါတယ်။
“တရုတ် ပါဝင်လာပုံရတယ်။ ပါဝင်တယ်ဆိုတာကလည်း သူပြောတဲ့အထဲမှာပါပါတယ်။ တရုတ်က ကြားဝင်တဲ့အတွက်ဆိုတာလည်း ပါတယ်။ စစ်ကောင်စီကလေကြောင်းက ဖိအားပေးတာကိုလည်း ရပ်ခိုင်းဖို့ဆိုတာပါတယ်။အဲအခြေအနေပေါ်မူတည်ပြီး ဆွေးနွေးပွဲတွေ ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး။ တရုတ်တွန်းနေတာတော့ အကုန်လုံးအပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးပွဲစားပွဲကို ရောက်လာဖို့ပဲ။ TNLA ဘက်ကလည်း အပစ်ရပ်ဖို့ကြေညာတယ်။ MNDAA က အပစ်ရပ်ဖို့ ပြောတယ်။ ၂ ဖွဲ့တော့ကြေညာပြီ။ ကျန်တဲ့အဖွဲ့တွေကကျန်သေးတယ်။ စောင့်တော့စောင့်ကြည့်ရမယ်။”
တကယ်လို့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး နှစ်ဖက် ပဋိပက္ခအမြင် ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ မျှော်လင့်ထားတယ်လို့လည်း MNDAA က ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ကိုင်စွဲထားမယ်လို့ MNDAA က ဆိုပါတယ်။ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကလည်း လက်ရှိဖြစ်လာတဲ့ ဆွေးနွေးမှုတွေအပေါ် ခုလိုသုံးသပ်လိုက်ပါတယ်။
“တရုတ်အစိုးရကတော့ ပြင်းပြင်းထန်ထန် နည်းမျိုးစုံဖိအားတွေပေးနေတာကတော့ သေချာ သလောက်ပါပဲ။ အကဲခတ်ရတာတော့ ဒီ ၂ ဖွဲ့ဟာ တရုတ်ဖိအားကိုကော စစ်ကောင်စီရဲ့ပြောဆိုချက် အပေါ် ပါးပါးနပ်နပ်ကိုင်တွယ်နေပုံရပါတယ်။ ထုတ်ပြန်ချက်တွေကိုကြည့်ရင် သဘောထားကို မြင်ရသလို သတ်မှတ်ချက်တွေကိုပါ ထည့်ထားတာတွေ့ရတယ်။ စစ်ကောင်စီဘက်ကိုကြည့်မယ်ဆိုရင် နိုင်ငံရေးနည်းလမ်း လို့ဆိုတယ်။ နည်းလမ်းတွေကိုလည်းပြောတယ်။”
MNDAA ကြေညာချက်ထဲမှာ အပစ်ရပ်ပြီး တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး စစ်ကောင်စီကလည်း မြန်မာနိုင်ငံအနှံ့မှာဖော်ဆောင်နေတဲ့ ဝေဟင် မြေပြင် ထိုးစစ်တွေကိုရပ်ဖို့ တရုတ်ရဲ့ ကြားဝင် စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်ဆိုတာလည်း ပြောထားပါတယ်။ ဆွေးနွေးရာမှာလည်း MNDAA/MNTJP အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ကြားက အမြင်သဘောထားကွဲလွဲမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ မျှော်လင့်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်တိုင်းတစ်ခုဖြစ်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA နဲ့ မဟာမိတ်တွေ ခက်ခက်ခဲခဲတိုက်ယူခဲ့ပြီး တဲ့နောက်မှာ ဒီအခင်းအကျင်းတွေ ဖြစ်ပေါ်လာတာပါ။ ခုလိုအပစ်ရပ်ပြီး ဆွေးနွေးမှုတွေလုပ်မှာမို့ ကိုးကန့်တပ်အနေနဲ့ လားရှိုးကဆုတ်မလား၊ ဆက်တပ်စွဲမလားဆိုတာ တော့မသိရသေးပါဘူး။
အရင်ကလည်း တရုတ်ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ တိုင်းရင်းသားတပ်တွေ ဆွေးနွေးခဲ့ကြဖူးပါတယ်။ ထင်သလောက် အောင်မြင်မှုမရလာခဲ့ပါဘူး။ စစ်ပွဲတွေ ဆက်လက်ရှည်ကြာနေတုန်းမို့ ဒီတခေါက် တရုတ်ကြားဝင်မှုကြောင့်ပေါ်လာရတဲ့ ငြိမ်းချမ်းရေးတခုက ဘယ်လောက်ထိ အောင်မြင်နိုင်ပါ့မလဲ ဆိုတဲ့မေးခွန်းတွေကထွက်ပေါ်နေပါတယ်။ နောက်ပြီးစစ်ခေါင်းဆောင်နဲ့သာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာက စစ်တပ်အာဏာ ပိုတည်မြဲလာစေလေမလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေ တာပါ။ တရုတ်မြန်မာအရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ ဒါနဲ့ပတ်သတ်လို့-သူ့အမြင်အခုလိုပြောပါတယ်။
“စစ်ကောင်စီကအခုလောလောဆယ်တော့ အလျှော့ပေးမယ့်ပုံတော့မဟုတ်ဘူး။ သို့သော်လည်း ဒီလိုအပစ်အခတ်ရပ်စဲလိုက်လို့ စစ်တပ်အတွက် အသက်ရှုပေါက်ချောင်တယ်ဆိုပေမယ့် စစ်တပ် နလန်ပြန်ထူဖို့တော့မလွယ်ဘူး။ သူတို့ရပ်ဆိုတော့လည်းရပ်တာပေါ့ ဆွေးနွေးဆို တော့လည်း ဆွေးနွေးတာပေါ့။ တောက်လျှောက်လည်းဆွေးနွေးလာတာပဲ။ စစ်တပ်ပေါ်မှာပဲ မူတည်တယ်။ ဘယ်လောက်အလျှော့ပေးမလဲ။ တနိုင်ငံလုံးမှာ သူတို့ ယူထားတဲ့ တနိုင်ငံလုံးကအခွင့်ထူးခံ ယူထားတာတွေကို ဘယ်လောက်လိုက်လျောပြီး လျှော့ပေးနိုင်မလဲ။ အန်ယူဂျီ ပြောဆိုသလောက် တောက်လျှောက်နိုင်ငံရေးကထွက်ခွာသွားဖို့ ဘာဖို့ဆိုတာ အဲလောက်တော့ဟုတ်ချင်မှဟုတ်မှာပေါ့။ ဒါပေမယ့် ပူးတွဲပြီးတော့ အုပ်ချုပ်တာတို့ဘာတို့ဖြစ်လာနိုင်တယ်။ တရုတ်ဖိအားက သူနဲ့နယ်ချင်းဆက်စပ်နေတဲ့ တိုင်းရင်းသားတွေအပေါ်မှာပဲရှိတတ်တာကိုနော်။ ကျမတို့အလယ်ပိုင်းမှာ ရှိတဲ့တော်လှန်ရေးသမားတွေကတော့ စစ်တပ်ကို ရသလောက်နဲ့တိုက်နေရဦးမယ်ထင်တယ်။ AA လည်း ရပ်တယ်မကြားပါဘူး။ ရသမျှဆက်တိုက်နေတာပဲ။ ဒီစစ်တပ်က နလန်ထူနိုင်စရာမရှိတာမို့ ဘာမှစိတ်အားငယ်စရာမရှိပါဘူး။”
မကြာသေးခင်ကပဲ တအောင်းအဖွဲ့ TNLA ဘက်ကလည်း အပစ်ရပ်ဆွေးနွေးဖို့အသင့်ရှိတဲ့အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီတုန်းကလည်း စစ်ကောင်စီနဲ့ TNLA ကြား ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေသလို စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းက နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေချိန်မှပဲ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆောင်ရွက်နေတာ၊ MNDAA ရဲ့ ထုတ်ပြန်ချက်နဲ့ TNLA ဘက်ကသဘောထား စတာတွေနဲ့ ပတ်သက်လို့ စစ်တပ်သဘောထားကိုတော့ခုချိန်ထိသိခွင့်မရသေးပါဘူး။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗီအိုအေက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
Forum