သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 KIO နဲ့ တရုတ်ဆွေးနွေးမှု ကချင်ကတိုက်ပွဲတွေအပေါ်  ဘယ်လို သက်ရောက်လာမလဲ


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

KIO ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်တွေကို တရုတ်က ခေါ်လို့ သွားဆွေးနွေးတာမှာ တရုတ်အဆင့်မြင့်အရာရှိနဲ့ တွေ့နိုင်လို့ ထူးခြားတယ်လို့ သုံးသပ်ကြပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) အဖွဲ့ဝင် Wu Ken နဲ့တွေ့ဖို့ရှိတာက နယ်စပ်ကုန်သွယ်ရေးနဲ့ ပိုပတ်သက်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဗန်းမော်ဘက်မှာတော့ KIA ကချင်တပ်ရဲ့ ထိုးစစ်တွေဆက်ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ဆက်ပြောလိုက်ချိန် ကချင်ဒေသမှာ ရှေ့ဆက် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာ ကိုဝင်းမင်းက စုစည်းတင်ပြပေးထားပါတယ်။​

ဒီ KIO ခေါင်းဆောင်တွေ တရုတ်မှာ ဆွေးနွေးဖို့သွားတာကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့တော့ ဘာမှသတင်းမရဘူး သွားတာတော့မှန်ပါတယ် ဒါပေမယ့် ဥက္ကဋ္ဌကြီးတို့နဲ့တွေ့ဆုံတဲ့သတင်းတွေကတော့ သူတို့လည်း ကျွန်တော်တို့ကို ဘာမှပေးတာမရှိသေးဘူး။ အစည်းအဝေးတက်တာတောင်မှ ကျွန်တော်တို့မကြားရသေးပါဘူး။ အစည်းအဝေးခေါင်းစဉ်တွေနဲ့ အကြောင်းအရာတွေလည်း ကြားထားတာ မရှိသေးဘူးပေါ့နော်။ ဗိုလ်ချုပ်ဂွမ်မော်တို့ပါတယ်။ နောက်ကျွန်တော်တို့ အတွင်းရေးမှူးချုပ်ကတော့ ဦးလနန်း။ နောက်အုပ်ချုပ်ရေးဌာနက ဌာနမှူးပေါ့နော်။ ဒီဘက်ဆက်ဆံရေး ဒု-တာဝန်ခံ ဦးခွန်းနောင်တို့ပေါ့နော် သူတို့ပါသွားပါတယ်။"

အခုလို သွားဆွေးနွေးတဲ့ အကြောင်းရင်းနဲ့ အဓိက ဆွေးနွေးနိုင်တာကို ကချင်သတင်းဌာန (KNG) အယ်ဒီတာချုပ်ဟောင်း ကချင်အရေးကျွမ်းကျင်သူ လဖိုင်နော်ဒင်းက အခုလို သုံးသပ်ပြပါတယ်။

"KIA ဗဟိုကော်မတီဥက္ကဋ္ဌ အနေနဲ့ အခုတရုတ်ကိုသွားတာကတော့ ပြီးခဲ့တဲ့ တပတ်လောက်မှာ ကန်ပိုင်တီနယ်စပ်ဂိတ်ကနေပြီးမှ တရုတ်ဘက်က ပိတ်ထားတဲ့ အထူးသဖြင့် ငှက်ပျောသီးတင်တဲ့ကားတွေကို KIO ဘက်က အခုလိုမျိုးပေါ့နော် နောက်ဆက်တွဲရှိလာတဲ့အခြေအနေဖြစ်တယ်။ ဆိုတော့ အဓိကကတော့ တွေ့ဆုံမှုက နိုင်ငံရေးထက် နယ်စပ်ရေးရာနဲ့ စီးပွားရေးက အဓိကဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ KIO ဘက်ကနေ အဓိကဖျက်သိမ်းလိုက်တဲ့ ကချင်အထူးဒေသ(၁)မှာကတော့ အဓိကကတော့ ရွှေနဲ့မြေရှားသတ္တုတွေ ထွက်တဲ့နေရာတွေဖြစ်တော့ အဲဒီအထဲမှာ အဓိကက တရုတ်လုပ်ငန်းရှင်တွေ သူတို့ကအဓိကဖြစ်နေတော့ KIO နဲ့ တရုတ်ရဲ့ အစိုးရတွေကြားထဲမှာ ညှိနှိုင်းပေးမှုတွေလည်း ရှိတယ့်အခြေအနေတွေရှိတယ်။ အဲဒီရဲ့အခြေအနေနဲ့ပတ်သက်ပြီးမှပဲ အဓိကဆွေးနွေးတာဖြစ်မယ်လို့ သုံးသပ်ပါတယ်။"

ဒါ့အပြင် လက်ရှိ ကချင်သတင်းဌာန အယ်ဒီတာချုပ် ဆမ်နော်ကလည်း အခုလို ထောက်ပြပါတယ်။

"တရုတ်ကကျတော့ သူတို့ကနည်းမျိုးစုံနဲ့ ဆက်ဆံတာဆိုတော့ ဒီတခေါက်ဆက်ဆံတာကကျတော့ CPPCC ပေါ့။ ဒီတရုတ်ရဲ့ အတိုင်ပင်ခံဘော်ဒီထဲက အဖွဲ့ဝင်တယောက်နဲ့တွေ့ဖို့ အဆင့်ထိဖြစ်လာတာကျတော့ နည်းနည်းထူးခြားတဲ့ဖြစ်စဉ်လို့မြင်တယ်။ ဒါပေမယ့်လည်း တရုတ်ရဲ့ ကချင်အပေါ်မှာ ချဉ်းကပ်မှုကတော့ သူ့စီးပွားရေးအတွက်ပဲ။ အဖျက်အဆီးမခံအောင် အနှောက်အယှက်မရှိအောင်။ အသစ်ဖြစ်လာတဲ့ KIO နဲ့ ဘယ်လိုပြန်လုပ်မလဲပေါ့နော်။ အစက သူတို့လက်ကိုင်ထားတဲ့ G to G (အစိုးရချင်းဆက်ဆံရေး) နယ်စပ်ကုန်သွယ်ရေးကလည်း အခုမရှိတော့ဘူးပေါ့လေ။ အရေးပါတဲ့လမ်းတွေအကုန်လုံးကိုလည်း KIA က သိမ်းလိုက်တယ်။ အထူးသဖြင့် မြေရှားအပါပေါ့နော်။ သူတို့ရဲ့ Strategy (နည်းဗျူဟာ) ကလည်း ဒီတခါပြန်ပြောင်းရတော့မှာပေါ့။ ဆိုတော့ အဲဒါကြောင့် အရင်နဲ့မတူတဲ့ KIA က ရှေ့ရေးဘယ်လိုပြင်ဆင်ထားလဲ။ မေးမြန်းတဲ့ ပြောဆိုတဲ့အကျင့်ပေါ့နော်။ အဲလိုလို့ ထင်ပါတယ်။"

အခုလို တရုတ်အဆင့်မြင့် အရာရှိ Wu Ken နဲ့ တွေ့နိုင်တာရဲ့ ထူးခြားမူကိုလည်း အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး Jason Tower က အခုလို သုံးသပ်ပြပါတယ်။

"Wu Ken က နှိုင်းယှဉ်ကြည့်ရင် အဆင့်မြင့်အရာဖြစ်ပြီး၊ အရင်က ဂျာမနီ၊ နယ်သာလန်နဲ့ ဆွီဒင်မှာ သံအမတ်လုပ်ခဲ့ဖူးပါတယ်။ အခုလို တရုတ်ဘက်က အဆင့်မြင့်အရာရှိနဲ့ KIA တွေ့ဖို့ လုပ်လာတာကိုကြည့်ရင် ဒီဆွေးနွေးပွဲက ထူးခြား အရေးကြီးတယ်ဆိုတာ ပြလိုက်ပြီး၊ တရုတ်အနေနဲ့ မြန်မာနိုင်ငံက မြေရှားတွင်းထွက်တွေ အရင် ရခဲ့တာကို မကြာခင်က ဆုံးရှုံးလိုက်ရတာအတွက် စိုးရိမ်မှုပိုဖြစ်လာတာနဲ့ ဆက်စပ်တာလည်း သေချာသလောက်ပါပဲ။"

ဒီဆွေးနွေးပွဲမှာ တရုတ်အနေနဲ့ MNDAA ကိုးကန့်တပ်နဲ့ TNLA တအန်းတပ်တို့လို့ အပစ်ရပ်ပြီး ဆွေးနွေးဖို့ ပြောလာနိုင်ပေမဲ့ ကချင်ထိုးစစ်တွေကို ရပ်ဖို့ခက်မယ်လို့ CDM ဗိုလ်မှူး နောင်ရိုးက ထောက်ပြပါတယ်။

"တရုတ်ရဲ့ဖိအားပေးမှုတွေ လိုလားတောင်းဆိုချက်တွေ ပိုများလာနိုင်တယ်။ KIA အနေနဲ့ကတော့ သူတို့ရည်မှန်းချက်အတိုင်း ဆက်သွားနိုင်တဲ့အနေအထားရှိနိုင်တယ်။ ဒါကြောင့်လည်း မြောက်ပိုင်း ကချင်ဘက်မှာတော့ တိုက်ပွဲတွေက ဆက်လက်ပြင်းထန်ကျယ်ပြန့်နေမယ့် အနေအထားရှိတယ်။"

အခုလို အချိန်မှာ ဗန်းမော်မြို့ကို ဦးတည်ထားတဲ့ KIA ထိုးစစ် ဆက်ပြင်းထန်နေတာကိုလည်း ဗိုလ်မှုးကြီးနော်ဘူက အခုလို ဆက်ရှင်းပြပါတယ်။

"ဗန်းမော်ဘက်မှာလည်း တိုက်ပွဲကို ဆက်ဖိနိုင်တယ်လို့ပြောရမှာပေါ့နော်။ စကစဘက်ကလည်း လေကြောင်းတို့၊ လက်နက်ကြီးတို့ အစုံနဲ့ ခုခံနေပါတယ်။ ဒါပေမယ့် စခန်းတွေ သိမ်းတယ်ဆိုတာတော့ မကြားရသေးပါဘူး။ ကျွန်တော်တို့ တပ်ဖွဲ့တွေလည်း တချို့ရပ်ကွက်တွေမှာ ဝင်တော့ဝင်ပြီလို့ပြောကြတယ်။ ဒါပေမယ့် ဘယ်ရပ်ကွက်တွေ ဘယ်ရုံးတွေပေါ့နော် ဝင်စီးတယ်ဆိုတာတော့ အတည်ပြုပြောလို့မရဘူး၊ ကျွန်တော်တို့လည်း ဟိုဘက်မှာတော့ အဆက်အသွယ်လည်း အခက်အခဲတွေအများကြီးရှိပါတယ်။ အခုလည်း အဆက်သွယ်ရေးတွေတော့ မရဘူးပေါ့နော်။"

အဲဒီတော့ တရုတ်ကဆွေးနွးပွဲနဲ့ ဗန်းမော်တိုက်ပွဲ ရှေ့ဆက်ဖြစ်နိုင်ချေကိုလည်း CDM ဗိုလ်ကြီး ဇင်ယော်က အခုလိုခန့်မှန်းပါတယ်။

"မြေရှားကိစ္စနယ်စပ်ကုန်သွယ်ရေးကိစ္စတွေတော့ ဟိုမှာတင် Yes or No ဖြစ်ခဲ့မယ်ပေါ့နော်။ ဒါပေမယ့် ဒီစစ်တပ်ကိုဆက်တိုက်မယ့် အနေအထားမျိုးတွေကတော့ ဗန်းမော်စစ်မျက်နှာပြင်တခုလုံးကို သိမ်းထားပြီးမှ ဆက်ပြောရမယ့်အနေအထားပေါ့။ ဗန်းမော်ကိုလည်း သေချာပေါက်သိမ်းနိုင်မှာလို့ မြင်ပါတယ် ခင်မျ။"

ဒါ့အပြင် တရုတ်ဘက်က ရှေ.ဆက်လုပ်လာနိုင်တာကိုလည်း Jason Tower က အခုလို သုံးသပ်ပြပါတယ်။

"တရုတ်အနေနဲ့ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လာမဲ့ရက်တွေအတွင်း ဆက်တွေ့ဖို့ များပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ တရုတ်အနေနဲ့ မြန်မာစစ်တပ် အနေအထား အားနည်းလာတာကို အကြီးအကျယ်စိုးရိမ်တာနဲ့ မြန်မာမှာဖြစ်နေတဲ့ စစ်ပွဲလမ်းကြောင်းအပေါ် တရုတ်ရဲ့ ထိန်းချုပ်နိုင်မှု ဆုံးရှုံးလာတာကို ပြလိုက်တာပါ။ ဒါပေမဲ့ တရုတ်ရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီမဲ့ မြန်မာစစ်ပွဲရဲ့လားရာကို ဖော်ဆောင်နိုင်ဖို့လည်း နည်းလမ်းပေါင်းစုံသုံးပြီး တရုတ်ဘက်က ဆက်ကြိုးစားလာနေတဲ့ သဘောပါပဲ။"

ဒီ တရုတ်က ဆွေးနွေးပွဲနဲ့ ကချင်တိုက်ပွဲတွေအပေါ် စစ်ကောင်စီ ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ အချိန်မီ မရခဲ့ပါဘူး ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG