KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေတဲ့ တတိယမြောက်နေ့မှာတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့အတွင်းဝင်ရောက်ပြီး အစိုးရဌာန အချို့ကို သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ တိုက်ပွဲအတွင်း ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးတာရှိသလို ပိတ်မိနေတာတွေလည်း ရှိနေတယ်လို့လည်းပြောပါတယ်။ KIA ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ တတိယမြောက်နေ့ အခြေအနေကို ရန်ကုန်က အခုလို သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ပြီး KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့ကို စစ်မျက်နှာ ၃ခုလောက်က ဝိုင်းပတ်တိုက်ခိုက်နေရာမှာ တတိယမြောက်နေ့မှာတော့ ဗန်းမော်မြို့အတွင်းကို ဝင်ရောက်ပြီး အစိုးရရုံးဌာနတွေကို သိမ်းယူတာရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။ လက်ရှိ ဗန်းမော်မြို့ တိုက်ပွဲ အခြေအနေကို ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက VOA ကို အခုလို ပြောပါတယ်။
“ဗန်းမော်က နေရာအတော်များများ သိမ်းထားပြီပြောတယ်။ ဒီ ရဲစခန်းတို့ ထွေအုပ်ရုံးတို့တော့ သိမ်းထားပြီ ကြားတယ်။ အဓိက စကခ ၂၁ က လက်နက်ကြီးတွေ တောက်လျောက် မြို့ထဲကို ပစ်နေလို့ နေအိမ်တွေ ထိခိုက်တာရှိတယ်။ ပြည်သူတွေ သေတာလည်း များတယ်တဲ့။ ၂၀လောက် ရှိမယ်တဲ့။ ထိခိုက်တာလည်း ရှိမယ်တဲ့။ လေကြောင်း တိုက်ခိုက်မှုလည်း ရှိတယ်တဲ့။ လောလောဆည်ဗန်းမော်က ပြည်သူတွေ ပိတ်မိနေတယ်။ တချို့ကျ အဲဒီ ထွက်လမ်းရှိတဲ့ဘက်ကနေ တော်တော်များများ တိမ်းရှောင်ကြတာပေ့ါနော်။ ဒါပေမဲ့ ပိတ်မိနေတဲ့သူလည်း ရှိတယ် တဲ့။”
ဒီလ ၅ ရက်နေ့ကတော့ မြစ်ကြီးနား- ဗန်းမော်လမ်း နမ့်ဆန်ယန်ရွာအနီးက ဂျာထဆိုတဲ့ရွာကို တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်းလည်း ဆက်ပြောပါတယ်။
“မနေ့ည ၆နာရီကျော်လောက်မှာလည်း ဒီ မြစ်ကြီးနား- ဗန်းမော်လမ်းက နမ့်ဆန်ယန်ရွာနဲ့ သိပ်မဝေးတဲ့ ဂျာထဆိုတဲ့ရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာပေါ့။ KIA ထိန်းချုပ်တဲ့ နေရာကို လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်။ ဒါပေမဲ့ ထိခိုက်တာတော့ မရှိဘူးတဲ့။”
အခြားဒေသကို ရောက်ရှိနေသူ ဗန်းမော်မြို့ခံတယောက်ကလည်း ဗန်းမော်မြို့က ပြည်သူတွေဟာ ဧရာဝတီမြစ်အနောက်ဖက်ကမ်းကို စစ်ရှောင်နေကြတာရှိကြောင်း ပြောပါတယ်။
“ မနေ့ကတော့ တိုင်းရင်းသားအဖွဲ့တွေ စဝင်ပြီလို့ ပြောတယ်။ မြို့ထဲကို ။ ကျနော် မနေ့ကတော့ ကျနော့ အသိတယောက်နဲ့ ဖုန်းရသေးတယ်။ အကုန်လုံးက ဒီဘက်ကမ်းကို ပြေးနေကြတယ်လု့ိပြောတယ်။ ဧရာဝတီမြစ် ဟိုဘက်ကမ်းပေါ့။ မြစ်ဟိုဘက်ကမ်းကို။”
ဗန်းမော်မြို့မှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို KIA ဘက်က သီးခြားသတင်းထုတ်ပြန်တာ မရှိသေးသလို ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း ရှေ့တန်းက သတင်းမရသေးကြောင်း ပြောဆိုပါတယ်။
“ အခုထက်ထိကတော့ မြေပြင်သတင်းတွေ ဘာမှ မကြားဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ ဒါပေမဲ့ အခြေအနေကိုကတော့ ဘာမှ မကြားသိရဘူး။”
ဒေသတွင်း သတင်းမီဒီယာတွေကတော့ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံပြည်သူ ၃၀ခန့် သေဆုံးနေကြောင်း ၊ ဗန်းမော်တက္ကသိုလ်နဲ့ ခလ၇ ၂၃၆ ဘက်မှာ တိုက်ပွဲ ပြင်းထန်နေကြောင်းဖော်ပြသလို ဗန်းမော်-မိုးမောက်လမ်း ၄မိုင်နဲ့ ဗန်းမော်- မံစီလမ်း ခလရ ၄၇ ဘက်မှာ တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြကြပါတယ်။
ဒီလ ၄ရက်နေ့ မနက်ပိုင်းက စတင်ပြီး KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ကို မိုးမောက်၊ မံစီနဲ့ ခူးလီ၊ နန်းလှိုင် စတဲ့နေရာတွေကနေ ၃ဘက်ညှပ်တိုက်ခိုက်နေတာပါ။ KIA ပူးပေါင်းတပ်တွေမှာတော့ PDF၊ AA၊ ဂေါ်ရခါးတပ်ရင်း၊ ကူးကီးတပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
KIA ဒီနှစ် မတ်လဆန်းက စတင်ပြီး ဗန်းမော် - မြစ်ကြီးနားကားလမ်းတလျောက်ကို ထိုးစစ်စတင်ခဲ့ရာမှာ အခုဆိုရင် မြို့ပေါင်း ၁၃မြို့ကို သိမ်းယူထားပြီးဖြစ်ပါတယ်။ စက်တင်ဘာလကုန်မှာ ကချင်အထူးဒေသ ၁ ဘက်ကို စတင်ထိုးစစ်ဆင်ခဲ့ရာမှာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စတဲ့မြို့တွေကို သိမ်းယူပြီး အထူးဒေသ ၁ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
Forum