သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲ


ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲ။
သတင်းဓာတ်ပုံ The Kachin Net
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင် ဆင်နွှဲ။ သတင်းဓာတ်ပုံ The Kachin Net

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီကနေ့ မနက်က စတင်ပြီး ဆင်နွှဲနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကိုအတည်ပြုပါတယ်။ လောလောဆည်မှာ ဗန်းမော်၊ မံစီနဲ့ မိုးမောက် စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ကချင်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ဗန်းမော်အခြေစိုက် ခလရ ၄၇ ကို KIA က သိမ်းယူလိုက်ပြီ ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ကချင်ပြည်နယ်က နောက်ဆုံးရ တိုက်ပွဲသတင်းကို တင်ပြပါမယ်။

ကချင်ပြည်နယ် ဗန်းမော်နဲ့ မိုးမောက်အကြားမှာ စစ်ကောင်စီတပ်နဲ့ ၂လကျော်ကြာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေခဲ့ရာက ဒီကနေ့မှာတော့ KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ကို စတင် ထိုးစစ်ဆင်လိုက်တာဖြစ်ပါတယ်။ လတ်တလောတိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ ဗန်းမော် ပတ်ဝန်းကျင်က စခန်းတွေကို စစ်တပ်ထိုင်စခန်းတွေကို ဒီမနက် ပြန်ပြီးမှ တိုက်ပွဲ ဖော်ဆောင်တာ ရှိပါတယ်။ ဟို မံစီဘက်မှာလည်း တိုက်တာပေါ့နော်။ မိုးမောက်ဘက်မှာလည်း တိုက်တယ်။ ခူးလီ၊ နန့်လိုင် အဲဒီဘက်မှာလည်း တိုက်တယ်ဆိုတော့ ဗန်းမော်ကို ဝိုင်းတိုက်တဲ့ ပုံစံဖြစ်ပါတယ်။ ”

ဒီမနက်ပိုင်းမှာပဲ ဗန်းမော်နဲ့ မံစီအကြားရှိ ခလရ ၄၇ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းယူလိုက်ကြောင်း သတင်းတွေထွက်ပေါ်နေပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ အတည်ပြုချက် ရဖို့ ဆက်သွယ်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ ၄၇ သိမ်းတယ်လို့တော့ ကြားပါတယ်။ လူမှု ကွန်ရက်မှာကတော စခန်းတချို့တွေ သိမ်းတာကတော့ ကြားရတယ်။ ဒါပေမဲ့ Confirm လုပ်ပေးတဲ့သူ မရှိသေးဘူး။ ကျနော်တို့လည်း ကြိုးစားပြီးမှ ဆက်သွယ်နေပါတယ်။ ”

ရှေ့တန်း KIA တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်ကတော့ ခလရ ၄၇ ကို သိမ်းယူလိုက်တယ်လို့ သိရကြောင်းနဲ့ လောလောဆည် ဗန်းမော်၊ မံစီမှာ တိုက်ပွဲတွေ အနှံ့ဖြစ်ပွားနေကြောင်း ပြောဆိုပါတယ်။

“ ဗန်းမော်ရော၊ မံစီရော၊ မိုးမောက်ဘက်ရော တပြိုင်နက် ထိုးစစ်ဆင်နေတယ်ပြောတယ်။ ဒီမနက် ၄၇ သိမ်းပြီ ပြောတယ်။ အဲဒီဘက် ယောက်ဖတွေ မေးကြည့်တော့ ရပြီတဲ့။ ၄၇တော့ ရသွားပြီပြောတယ်။”

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေကြောင်း ပြောပါတယ်။ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဟာ ဒီနှစ်စက်တင်ဘာလကုန်ပိုင်းက စတင်ပြီး ကချင်ပြည်နယ် အရှေ့ခြမ်း တရုတ်မြန်မာနယ်စပ်ရှိ ကချင်အထူးဒေသ ၁ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အောက်တိုဘာလအတွင်းမှာ ချီဖွေ၊ ဆော့လော၊ ပန်ဝါ စတဲ့ မြို့တွေကို သိမ်းခဲ့သလိုနိုဝင်ဘာလ ၂၀ရက်နေ့မှာတော့ နောက်အထူးဒေသ ၁ တခုလုံးကို သိမ်းယူခဲ့ပြီး အထူးဒေသ ၁ အမည်သတ်မှတ်ချက်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒီနှစ် မတ်လမှာ စတင်ခဲ့တဲ့ KIA ရဲ့ထိုးစစ်အတွင်းမှာတော့ မြို့ ပေါင်း တဒါဇင်ခန့်ကို သိမ်းယူထားပြီးလည်း ဖြစ်ပါတယ်။ ဒီနေ့ ဗန်းမော်တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မတွေ့ရပါဘူး။

Forum

XS
SM
MD
LG