သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်တွင်း စက်သုံးဆီ စားသောက်ကုန် ဆေးဝါးပြတ်လပ်နေ


တရုတ်-မြန်မာနယ်စပ် ကုန်စည်ဂိတ်တွေပိတ်ထားလို့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ခံနေရတဲ့ ပူတာအိုမြို့အဝင်ဆိုင်းဘုတ်။ (Courtesy: CJ)
တရုတ်-မြန်မာနယ်စပ် ကုန်စည်ဂိတ်တွေပိတ်ထားလို့ ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ခံနေရတဲ့ ပူတာအိုမြို့အဝင်ဆိုင်းဘုတ်။ (Courtesy: CJ)

တရုတ်-မြန်မာ နယ်စပ်ကုန်စည်ဂိတ်တွေကို တရုတ်ဘက်ကပိတ်ထားတဲ့အပြင် ပြည်တွင်း ကုန်စည်ပို့ ဆောင်ရေးလမ်းကြောင်းတွေကိုလည်း ပိတ်ထားတဲ့အတွက် ကချင်ပြည်နယ်မှာ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ ဆေးဝါး ဝယ်ယူရခက်ခဲနေသလို ပူတာအိုမြို့မှာလည်း ဈေးကြီးပေးဝယ်ယူ နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရင်က တရုတ်ဘက်ကနေ ဝင်လာတဲ့ စက်သုံးဆီ အပါအဝင် ကုန်စည်လက်ကျန်ကိုသာ အဓိက အားထားနေရပြီး ကုန်စည်ပြတ်လပ်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မှာ စက်သုံးဆီတင်သွင်းခွင့် ပိတ်ထားသလို စားသောက်ကုန်အဓိက အားထားနေရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေလည်း ပြန်မဖွင့်သေးလို့ ဒေသတွင်းမှာ စက်သုံးဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူတာအိုမြို့မှာဆိုရင် စက်သုံးဆီဈေးနှုန်းနဲ့ ကုန်စည်ဈေးနှုန်းတွေ အတက်ဘက်မှာသာ ရှိနေပြီး ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးတချို့လည်း ပြတ်လပ်နေတယ်လို့ ပူတာအိုမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"စက်သုံးဆီတလီတာကို တသောင်းခွဲ (၁၅,၀၀၀) ရှိတယ်။ တခြား စားသောက်ကုန်ဈေးတွေလည်း အကုန်လုံး နည်းနည်းပါးပါး ပုံမှန်ဈေးတက်ကြတယ်။ ဆေးဝါးလည်း ရှားပါးတာပေါ့။ တချို့ဆေးတွေက မရှိဘူး။ ပြတ်လပ်တဲ့သဘောပေါ့။"

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ကြား တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ကံပိုင်တည် (ကန်ပိုက်တီ) မြို့ကို KIA ဘက်က သိမ်းပိုက်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်ကိုလည်း ထိန်းချုပ် လိုက်ပါတယ်။ ကုန်စည်သယ်ယူခွင့်လမ်းကြောင်း ပုံမှန်မရှိလို့ ကုန်ပစ္စည်းလက်ကျန်တွေကိုသာ ဈေးကြီးပေးဝယ်ယူနေရတယ်လို့ မြို့ခံက ဆက်ပြောပါတယ်။

"စားသောက်ကုန်နဲ့ စက်သုံးဆီကတော့ ကံပိုင်တည်လမ်းကိုအားကိုးပြီး တရုတ်ဘက်ကနေ ဝင်လာတာ ပေါ့။ မြစ်ကြီးနားမြို့ကို ပတ်ပြီးတော့မှ။ အဲဒါက တိုက်ပွဲကြောင့်ပိတ်လိုက်တော့ ဒီဘက်မှာ စက်သုံးဆီ၊ စားသောက်ကုန် အကုန်ဈေးတက်တယ်။ သူတို့လမ်းဖွင့်ချိန်မှာ ဝင်လာတဲ့ကုန်စည်တွေပေါ့။ အခုတော့ တိုက်ပွဲကြောင့် အကုန်ပိတ်ထားတယ်။ ဒီအချိန်ကျတော့ မဝင်လာဘူးပေါ့။ တချို့ကုန်တွေကတော့ မန္တလေးဘက်ကနေ ကားအသေးနဲ့ နည်းနည်းပါးပါးဝင်တယ်။ ဒါပေမဲ့စက်သုံးဆီကျတော့ မန္တလေးဘက်ကနေ သယ်ယူခွင့်မပြုဘူး။ ဟိုတုန်းက လမ်းဖွင့်တဲ့အချိန်မှာလာတဲ့ ဆီလောက်ပါပဲ၊ဒီမှာ အောင်းထားတဲ့ဟာတွေပါ။ ဒါတွေပဲ သုံးနေကြတာပဲ။ ဈေးကြီးပေး သုံးနေကြတာပေါ့။"

ဒါ့အပြင် ဒေသခံပြည်သူတွေအတွက် ကျန်းမာရေးအတွက် မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးတချို့လည်း ဝယ်မရဘူးလို့ဆက်ပြောပါတယ်။

"ဆေးဝါးကတော့ ဝယ်လို့မရဘူး။ ပူတာအိုမြို့ပေါ်လောက်ပဲ နည်းနည်းပါးပါးရချင်ရမယ်။ ဒီမြို့ကနေ တခြားနေရာဘက်မှာတော့ တော်တော်ရှားတယ်။ အခက်အခဲတော့ တော်တော်ရှိနေတာပါ။ စားသောက်ကုန်ကတော့ မြစ်ကြီးနားဘက်ကနေ နည်းနည်းပါးပါး တခါတလေဝင်တယ်။"

ကချင်နဲ့ ရှမ်းမြောက်ဘက်က စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေး ပြင်းထန်နေတဲ့တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေရဲ့ ကုန်စည်ပို့ဆောင် ဆက်သွယ်ရေးအခြေအနေဟာပုံမှန်အနေအထားမှာ ရှိမနေပါဘူး။ နယ်စပ်ဘက်က ဝင်လာတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ပင်ထားသလိုပြည်တွင်းမှာရှိနေတဲ့ ကုန်စည်သယ်ယူခွင့်ကိုလည်း စစ်ကောင်စီအပါအဝင် လက်နက်ကိုင်အဖွဲ့တွေဘက်က ကန့်သတ်ထားတာတွေကြောင့် ဒေသတွင်းမှာ စက်သုံးဆီအပါအဝင် စားသောက်ကုန်နဲ့ ဆေးဝါး ပြတ်လပ်နေပြီး အခက်အခဲတွေကြုံနေရတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG