ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစလို့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကချင် KIA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က တိုက်ပွဲအတွင်း ဗန်းမော် အကျဥ်းထောင် ပွင့်သွားပြီး နိုင်ငံရေး အကျဥ်းသားတွေ အပါအဝင် အကျဥ်းသား အတော်များများ လွတ်မြောက်သွားတယ်လို့ ဒေသ သတင်းမီဒီယာတချို့က ဖော်ပြပါတယ်။
ဒီဇင်ဘာ ၆ ရက် သောကြာနေ့ နေ့လယ်ပိုင်းမှာ အကျဉ်းသား တချို့ ထောင်ဖောက် လွတ်မြောက်ခဲ့တာ ရှိသလို၊ ညပိုင်းလောက်မှာတော့ ထောင်ပွင့်သွားတဲ့အတွက် ဗန်းမော် အကျဉ်းထောင်ထဲက အကျဉ်းသားတွေ ထွက်ပြေး လွတ်မြောက်ကုန်တာလို့ ကချင်ဒေသခံတွေကို ကိုးကားပြီး ဒေသခံ မီဒီယာတချို့က ဖော်ပြပါတယ်။
ကချင် လွတ်မြောက်ရေးတပ် KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်နဲ့ မံစီမြို့တွေကို ဒီဇင်ဘာ ၄ ရက်နေ့မှာ ဝင်တိုက်ခိုက်ခဲ့ပြီး စစ်မျက်နှာ ၃ ခုနဲ့ ဗန်းမော်မြို့ကို ဝိုင်းပတ် တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက် သောကြာနေ့မှာ ဗန်းမော်မြို့တွင်းက အစိုးရဌာန အချို့ကို သိမ်းပိုက်ခဲ့ကြောင်း KIA ရှေ့တန်းနဲ့ နီးစပ်သူတွေကလည်း VOA ကို ပြောထားပါတယ်။
စစ်ကောင်စီဘက်က မြို့ကို ကုန်းလမ်း ရေလမ်းကနေ ပိတ်ဆို့ထားတဲ့အတွက် မြို့တွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။ ဗန်းမော်၊ မံစီ အပြင် မိုးမောက်မြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ကိုလည်း KIA က ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ ၂၁ ကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လက်နက်၊ ရိက္ခာ စစ်ကူပေးနေတယ်လို့ ဒေသခံ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
Forum