ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနား ကားလမ်းရှိ ကုန်းလောရွာကို ဒီကနေ့ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဘုရားကျောင်းအတွင်းကျရောက်ပြီး ကလေးငယ်တွေ အပါအဝင် အနည်းဆုံးလူ ၈ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။ KIA ပြန်ကြားရေးတာဝန်ခံကလည်း သေဆုံးသူ ၈ယောက်ထက်မနည်းရှိပြီး အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးရတဲ့ သတင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီနှစ်မတ်လ တတိယပတ်အတွင်းမှာ KIA ပူးပေါင်းတပ်တွေက မိုးမောက်မြို့နယ်အတွင်းရှိ ကုန်းလော စတဲ့ကျေးရွာကိုသိမ်းယူလိုက်ပြီးနောက် ဒီဒေသမှ ကာလအတန်ကြာတိုက်ပွဲတွေငြိမ်သက်နေခဲ့ပါတယ်။ ဒီလ ၁၅ ရက်နေ့ သောကြာနေ့ ညနေပိုင်းမှာတော့ စစ်ကောင်စီက KIA ပူးပေါင်းတပ်တွေသိမ်းထားတဲ့ ကုန်းလောရွာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် လူ ၈ ဦးခန့် သေဆုံးရကြောင်း ကချင်ပြည်နယ် ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ညနေ ၃ နာရီခွဲလောက်မှာ ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်က ကုန်းလောရွာ KBC ဘုရားကျောင်းကို Jet Fighter နဲ့ ဗုံးလာကြဲသွားတာပေါ့နော်။ဘုရားကျောင်းပေါ်မှာ တည့်တည့်ကျတယ်။ ၈ ယောက် လောက်သေတယ်။ ကလေးတော်တော်များများ သေတယ်။ လူကြီးလည်း ပါတယ်။ ကလေးလည်း ပါတယ်။ ဒဏ်ရာရတာလည်း တော်တော်များတယ်။”
ကုန်းလောရွာအနီးမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ကလေးငယ်တော်တော်များများ သေဆုံးခဲ့ရတဲ့ ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အခုလို အတည်ပြု ပြောကြားပါတယ်။
“၄ နာရီ ဝန်းကျင်လောက်အချိန်မှာ ကုန်းလော ခရစ်ယာန်ဘုရားကျောင်းမှာ ညနေပိုင်းဆိုတော့ ကလေးတွေ ဆော့ကစားနေတဲ့အချိန်မှာပေါ့နော်။ စကစနဲ့ လေကြောင်းကနေ ဗုံးကြဲတာ ရှိပါတယ်။ ကလေးတွေအတော်များများ ထိခိုက်တာ သေဆုံးတာ အဲဒါတွေ ကျနော်တို့ ကြုံခဲ့ရပါတယ်ခင်ဗျ။ အခုလောလောဆယ်ကတော့ ၈ ယောက်လောက်တော့ သေပျောက်သွားတယ်ဆိုတာ ကြားရပါတယ်။ ဒါပေမဲ့ တိကျတဲ့ သတင်းတွေ Deta တွေကတော့ မရသေးဘူး။ ကျနော်တို့လည်း မေးမြန်းတုန်းပဲ ဖြစ်ပါတယ်ခင်ဗျ။”
ကုန်းလောကျေးရွာအခြေစိုက် ခမရ ၃၈၇ ကို ဒီနှစ် မတ်လ ၂၅ ရက်နေ့က KIA ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီးနောက် မိုးမောက်မြို့နယ် အထက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့တာပါ။
ဒီရက်ပိုင်းအတွင်း မိုးမောက်နဲ့ ဗန်းမော်ကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပေမဲ့ ဒီ ၂ရက်၊ ၃ ရက်အတွင်း တိုက်ပွဲတွေ အနည်းငယ်ငြိမ်သက်နေခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဗန်းမော်မြို့ရဲ့အဓိက လုံခြုံရေးစခန်းဖြစ်တဲ့ မိုးမောက်မြို့နယ်က ခမရ ၄၃၇ ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ မြေပြင်ကရော လေကြောင်းကပါ အပြင်းအထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်တွင်းက တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒီသီတင်းပတ်ထဲမှာပဲ စစ်ကောင်စီဘက်က နောင်ချို၊ မိုးကုတ်မြို့တွေပေါ်ကိုလည်း လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေလို့ အရပ်သားတော်တော်များများ အသက်သေဆုံး ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ထောင်ချီတဲ့ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Forum