သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဖမ်းဆီးမိကြောင်း TNLA ထုတ်ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၄)
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ထားတဲ့မြင်ကွင်း။ (အောက်တိုဘာ ၃၀၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ TNLA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို ကျဆုံးသူလည်း ၁၈ ယောက်ရှိကြောင်း TNLA ကသတင်းထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်မှာ လည်း စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းတာတွေရှိနေပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ငြိမ်းချမ်းရေးဆွေးနွေးဖို့အသင့်ရှိကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ကြေညာခဲ့ပေမဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲ အခြေအနေကို TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“ဒီတလောမှာတော့ တောင်ခမ်းတပ်စခန်းမှာဆို ၉၀၂ နဲ့ ၃၅၄ မှာ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မနေ့ကတော့ ၃၅၄တပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီက လက်နက်နဲ့အတူ အလောင်းတွေနဲ့ အရှင်ဖမ်းမိတာလည်း စစ်သုံ့ပန်း ၁၇ ဦးရှိပါတယ်။ ကျဆုံးတာက ၁၈ ယောက်ရှိပါတယ်။”

လောလောဆယ် နောင်ချိုမြို့နယ်အတွင်းမှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် စစ်ကောင်စီ ဘက်က အဖမ်းခံရတာနဲ့ ကျဆုံးတဲ့သတင်းကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ နောင်ချိုမြို့နယ် တောင်ခမ်းက လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်၊ အမှတ် ၃၅၄ အမြောက်တပ်ရင်းတွေမှာ ဖြစ်ပါတယ်။

တောင်ခမ်းဒေသမှာအခြေစိုက်ထားတဲ့အမြောက်တပ်စခန်းတွေဟာ ပြင်ဦးလွင်မြို့ကို ကာကွယ်ရေး အတွက် အရေးပါတဲ့နေရာတွေဖြစ်သလို ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ဆက်သွယ်ထားတဲ့ အဓိကနေရာ ဖြစ်တာကြောင့် ဒီနယ်မြေမှာ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေတာဟာ ၄ လလောက် ကြာမြင့်လာနေပါပြီ။

တောင်ခမ်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန် ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းကတော့ နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာအတွင်းကို လက်နက်ကြီးကျတာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း လွေးယေဦးက ဆက်ပြောပါတယ်။

“မနေ့ကတော့ ဆမ္မဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိဘူး။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီကလက်နက်ကြီးတွေ ပစ်တာမျိုးတွေရှိပါတယ်။ အဲဒီလက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရပါတယ်။”

TNLA ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ လက်နက်ကြီး ၃ လုံးကျရောက်ပေါက်ကွဲတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် အတွင်းမှာအရပ်သား ၄၀ ခန့်သေဆုံးခဲ့သလို ၈၀ ခန့် ဒဏ်ရာရခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ ၂၅ရက်နေ့မှာတော့ စစ်ဒဏ်သင့် ပြည်သူတွေကို ငဲ့ညှာတာနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကို လေးစားတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း TNLA က ကြေညာခဲ့ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာတော့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စခန်းသိမ်းတဲ့သတင်းတော့မကြားရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“သိပ်ပြီးမှ ထူးထူးခြားခြား သတင်းတွေကတော့ မတက်ဘူး။ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်။ လေကြောင်းတွေ မျိုးစုံပေါ့။ ဗန်းမော်ဘက်မှာ တိုက်ပွဲကတော့ ဆက်တိုက်ရှိပါတယ်။ ဟို စခန်းတွေ သိမ်းတာဘာတွေကတော့ မကြားရသေးပါဘူး။”

KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဗန်းမော်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဒီကနေ့ဆို ရက်သတ္တပတ် တပတ်ရှိလာနေပြီဖြစ်ပါတယ်။ သီတင်းတပတ်တာတိုက်ပွဲအတွင်းမှာ ဗန်းမော်မြို့ခံတွေ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း နဲ့လက်နက်ကြီးထိမှန်တာကြောင့် အရပ်သားသေဆုံးသူလည်း ၃၀ လောက်ရှိကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

ဗန်းမော် တိုက်ပွဲပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံကဖိတ်ခေါ်တာကြောင့် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ကိုယ်စားလှယ်အဖွဲ့ဟာ တနင်္ဂနွေနေ့ တရုတ်နိုင်ငံကို သွားရောက်နေပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ဘာအကြောင်းတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျမသိရပေမဲ့ အရင် ဆွေးနွေးပွဲ တွေမှာလို တရုတ်အစိုးရဘက်က KIAကို ထိုးစစ်တွေ ရပ်ဆိုင်းဖို့ တောင်းဆိုနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ရှမ်းမြောက်နဲ့ ကချင်ဒေသတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

Forum

XS
SM
MD
LG