သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီတင်းကျွတ်လပြည့်ည နောင်ချိုမြို့ပေါ် စစ်တပ် ဗုံးကြဲတိုက်ခိုက်


TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ် (အောက်တိုဘာ ၁၈၊ ၂၀၂၄)
TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ် (အောက်တိုဘာ ၁၈၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA တအာင်းတပ်တွေထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ် စစ်တပ်က အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်မှာ နာရီနဲ့ချီ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ လူနေအိမ်တွေ ပျက်စီးသွားပေမဲ့ ထိခိုက် သေဆုံးသူ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ် အထူးဒေသ ၁ ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ပန်ဝါဒေသခံတွေ တရုတ်နိုင်ငံဘက် တိမ်းရှောင်ဖို့ ကြိုးစားနေကြတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေအပေါ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်နေတာမှာ မနေ့ည သီတင်းကျွတ် လပြည့်နေ့မှာတော့ TNLA တအာင်းတပ်တွေ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုမြို့ပေါ်ကို ညလုံးပေါက် ဗုံးကြဲခဲ့ပါတယ်။ လူအများ အိပ်နေချိန် ည ၁၀ နာရီလောက်ကနေ ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက် ၁ နာရီလောက်အထိ ဗုံးဆက်တိုက် ကြဲခဲ့တာကို နောင်ချို ဒေသခံ တဦးက VOA ကို အခုလို ပြောပါတယ်။

“ ၁၀ နာရီလောက်ကနေ တနာရီထိ ပတ်ကြဲသွားတာ။ တကြိမ်တည်းတော့မဟုတ်ဘူး။ တချက်လာလိုက်ရင်း ဂျက်ဖိုက်တာက ခေါင်းစိုက်ချလိုက်ရင်း ၂လုံး။ ပြီးရင် ပြန်လှည့်သွားတယ်။ လှည့်သွားပြီးရင် တမိနစ်လောက် ကျရင် ပြန်လှည့်လာတယ်။ လူတွေက ကြောက်လန့်ပြီး အိပ်ပျော်မယ့် နောက် တချိန်လောက်ကျတော့ နာရီဝက် ၄၅မိနစ်လောက်ကျတော့ တချက် ပြန်လှည့်လာပြီးတော့ ပြန်ကြဲသွားတယ်ခင်ဗျ။ ဘယ်နှစ်လုံးလောက်ဆိုတော့ ၁၂ လုံးကို ၄ လုံးလောက်ကတော့ မကွဲဘူး။”

နောင်ချိုမြို့ ရဲစခန်းမြောက်ဘက်ကို အဓိကထား ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ လူ ထိခိုက် သေဆုံး မှု ရှိ မရှိကိုတော့ အခုချိန်ထိ မသိရသေးပေမဲ့ အထိအခိုက် အပျက်အဆီး အခြေအနေကို နောင်ချို ဒေသခံ တဦးက VOA ကို အခုလို ပြောပါတယ်။

“ အထိအခိုက်ကျတော့ အကို ၊ လူတော့ အထိအခိုက်မရှိဘူးခင်ဗျ။ မိသားစုနေတဲ့ အိမ်ကြီး တလုံးလုံးကတော့ စုတ်ပြတ်သတ်သွားတာပဲ။ တော်တော် အားကြီးတယ် ခင်ဗျ။ အရင်တုန်းက ကြဲတဲ့အလုံးတွေတုန်းကတော့ ဘာမှ မဖြစ်ဘူး။ ဒီကောင်တွေက သူနဲ့ပတ်ခြာလည် ၄- ၅လမ်းလောက်က အိမ်က ဘာဂျာတံခါးတွေ ရွဲ့တယ်၊ သွပ်အမိုးတွေ လန်တယ်။ ပြီးရင် မှန်တွေ မြို့ထဲမှာဆိုရင် အောင်လျှပ်စစ်ဆိုရင် မှန်တွေ ကွဲတယ်ခင်ဗျ။”

နောင်ချိုနဲ့ အဆက်အသွယ်ရှိသူတချို့က လူအထိအခိုက် ရှိကြောင်း ပြောဆိုတာတွေ ရှိပေမဲ့ ဗွီအိုအေ အနေနဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

နောင်ချိုမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဇူလိုင်လ ဒုတိယပတ်မှာ သိမ်းယူခဲ့တာဖြစ်ပြီး အဲဒီထဲကစလို့ စစ်ကောင်စီက မြို့ပေါ်ကို မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ နောင်ချိုမြို့နဲ့ မိုင် ၂၀ ခန့်အကွာ စစ်ရေးအရ အရေးပါတဲ့ တောင်ခမ်းရွာဘက်မှာ စစ်တပ်နဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် အခုလိုနောင်ချို့မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ တကယ်လို့သာ တောင်ခမ်းကို တိုင်းရင်းသားတပ်တွေ သိမ်းနိုင်ခဲ့ရင် ပြင်ဦးလွင်အထိ ရောက်လာမှာကို စစ်တပ်ဘက်က စိုးရိမ်နေတာကြောင့် အကြီးအကျယ် တိုက်ခိုက်နေပုံလည်းရပါတယ်။

အခုလို TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို မနေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းကလည်း MNDAA ကိုးကန့်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်ထဲက နမ့်မျှော် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံး ၄ လုံးကြဲချခဲ့ကြောင်းနဲ့ ဓါတ်အားပေးစက်၊ အဆောက်အဦတွေနဲ့ လျှပ်စစ်ဓါတ်ကြိုးတွေပျက်ဆီးခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အခုလိုအခြေအနေဖြစ်နေချိန်မှာပဲ ကချင်ပြည်နယ်ဘက်မှာလည်း ကချင်အထူးဒေသ ၁ က ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ပန်ဝါဒေသခံတွေနဲ့ အဆက်အသွယ်ရှိသူ ကချင်အမျိုးသားတဦးက လောလောဆယ် ပန်ဝါအနီးတိုက်ပွဲတွေကြောင့် ပန်ဝါမြို့က ပြည်သူတွေ တရုတ်နိုင်ငံဘက် တိမ်းရှောင်ဖို့ ကြိုးစားနေကြတယ်လို့ အခုလို ပြောပါတယ်။

“အခု ပန်ဝါနဲ့ အရမ်းနီးနေပြီလို့ ပြောတယ်။ ပန်ဝါဒေသခံ ကျနော်တို့ အမျိုးတယောက်နဲ့ ခုနတုံးက ကျနော် WeChat ခေါ်တော့ အခုလည်း သူတို့ တရုတ်နယ်စပ် နယ်ခြားလမ်းကြောင်းတလျှောက်မှာ ရောက်နေပြီပေါ့။ အကုန်လုံးလည်း အများပိုင်းလည်း ရောက်နေပြီပေါ့ သူတို့။ တရုတ်ကလည်း မဝင်ခိုင်းဘူး။ အဲဒါကြောင့် ဒုက္ခရောက်နေပြီလို့ ပြောတာ။ ပန်ဝါက အုပ်ချုပ်ရေးယန္တရားကတော့ ဌာနဆိုင်ရာ၊ အစိုးရ ဆိုင်ရာတွေတော့ ဝင်သွားပြီလို့ ကြားတယ်။”

မနေ့ အောက်တိုဘာ ၁၇ ရက်နေ့တုန်းက ကန်ပိုက်တီဒေသက နယ်ခြားစောင့်တပ် အမှတ် ၁၀၀၃ ကို စတင်တိုက်ခိုက်ခဲ့ရာမှာ မနေ့ညနေပိုင်းက ကာကင်းတချို့ကို KIA က သိမ်းယူထားတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။

ကချင်အထူးဒေသ (၁) ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေကို KIA က စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင်ခဲ့တာပါ။ စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၂ ရက် နေ့တွေမှာ ချီဖွေနဲ့ဆော့လော်ကို KIA ကသိမ်းယူခဲ့သလို ၁၅ ရက်နေ့မှာတော့ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာ လုပီရွာက နယ်ခြားစောင့်တပ် အမှတ် (၁၀၀၂) ကို ထပ်မံ သိမ်းယူခဲ့ပါတယ်။ ဒီကနေ့မှာတော့ ပန်ဝါအနီးမှာပါ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ လက်ရှိ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်က တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

Forum

XS
SM
MD
LG