သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားရှိုးမှာ စစ်တပ်ဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်


လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)
လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

ရှမ်းပြည်နယ်ထဲမှာ MNDAA ကိုးကန့်တပ် သိမ်းထားတဲ့ လားရှိုးမြို့ပေါ် စစ်တပ်က ဒီနေ့ ဗုံးကြဲတာဟာ အရင်ထက် ပိုမိုပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကွမ်ရင်ဘုရားကျောင်းတခုနဲ့ အဆောက်အဦးတချို့ ပျက်စီးခဲ့ပါတယ်။ ကချင် KIA တပ်တွေ သိမ်းယူထားတဲ့ ကချင်ပြည်နယ် ချီဖွေမြို့ကိုလည်း စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့တိုင်းလို ရှိနေပါတယ်။ KIA ကတော့ စစ်တပ် တပ်စခန်း ၂ ခုကို ထပ်ပြီး သိမ်းခဲ့ပါတယ်။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က စစ်ရေးအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ရှမ်းပြည်နယ်ထဲက MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်တပ်က ဒီနေ့ အောက်တိုဘာ ၄ ရက် သောကြာနေ့ မနက်ပိုင်းက လေယာဉ်နဲ့ ၄ ခေါက် ဗုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ဒီနေ့ တိုက်ခိုက်မှုဟာ အရင်နေ့တွေ တိုက်ခိုက်တာထက် ပိုပြင်းထန်တယ်လို့ လားရှိုးမြို့ခံ တဦးက အခုလို ပြောပါတယ်။

“ ဒီနေ့က ဒီတခေါက်က အဆိုးဆုံးပဲ ထင်တယ် ကြည့်ရတာ။ အားလုံး ၄ ခါ။ တကြိမ်တကြိမ်ဆိုသူက ၁၀ မိနစ်၊ ၅ မိနစ် အဲလိုပဲ ခြားတယ်။ အထိအခိုက်ကတော့ လူတယောက်ပဲ ဒဏ်ရာရတယ်လို့ ပြောတာကိုး။ မကလောက်ဘူးထင်တယ်။ ကြည့်ရတာ။ ဘာလို့လဲဆို ဒီနေ့က ပေါင် ၅၀၀ တွေ ချည်းပဲဆိုတော့ အကြီးကျယ်ဆုံးလို့ ပြောလို့ ရတာပေါ့နော်။”

MNDAA ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးဌာနကတော့ ဒီနေ့ မနက် ၂နာရီ ၁၃ မိနစ်ကနေ ၅ နာရီ မိနစ် ၂၀အတွင်း လေယာဉ်နဲ့ ၄ ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုမှာ ရပ်ကွက် ၅ မှာရှိတဲ့ ကွမ်ရင်တရုတ်ဘုရားကျောင်းနဲ့ ရပ်ကွက် ၈ က အဆောက်အဦတွေ ထိခိုက် ပျက်ဆီးခဲ့သလို လူတဦးထိခိုက်ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ထား ပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)
လားရှိုးမြို့ကို စစ်ကောင်စီလေကြောင်းကဗုံးကြဲခဲ့အပြီး မြင်ကွင်း (အောက်တိုဘာ ၄၊ ၂၀၂၄)

လားရှိုးမြို့ကို MNDAA သိမ်းယူပြီးနောက် သြဂုတ်လ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ လေကြောင်းက ၁၁ ကြိမ် တိုက်ခဲ့ရာမှာ ဒေသခံ ၉ ဦးခန့်သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ လားရှိုးမြို့ကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်းက တိုက်ခိုက်တာနဲ့ စစ်ကောင်စီတပ်က မိုင်းရယ်ဘက်ကနေ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်မယ် ဆိုတဲ့သတင်းတွေကြောင့် လားရှိုးမြို့ရှိ ပြည်သူအတော်များများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။ ဇူလိုင်လကနေ စက်တင်ဘာလအထိ MNDAA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီက လေကြောင်းက ၂၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ လူ ၃၁ ဦးသေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အခုလို ရှမ်းပြည်နယ်ဘက်က စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေသလို ကချင်ဘက်မှာလည်း လုပ်နေပါတယ်။ စစ်တပ်နဲ့ KIA ကချင်တပ်တွေကြား စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့တဲ့ ကချင်ပြည်နယ်အရှေ့ပိုင်းက ချီဖွေနဲ့ဆော့လော်မြို့နယ်မှာ ၄ ရက်အကြာတိုက်ပွဲဖြစ်ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ၂ မြို့လုံးကို KIA က သိမ်းယူခဲ့ပါတယ်။ ၃ ရက်နေ့မှာလည်း စစ်တပ်စခန်း ၂ ခုကို ထပ်မံ သိမ်းယူခဲ့တယ်လို့ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ မနေ့က ၃ ရက်နေ့မှာကတော့ အဲဒီချီဖွေကနေ ပန်ဝါဘက်ကိုသွားတဲ့ လမ်းကြောထဲက ၁၁ မိုင်မှာ ဂိတ်ရှိတယ်။ အဲဒီဂိတ်ကိုတော့ မနေ့က ပြန်သိမ်းလိုက်တာ၊ နောက်ထပ်သိမ်းလိုက်တာရှိတယ်။ နောက် စုစည်းဆိုတဲ့ရွာ၊ အဲဒီမှာ ပြည်သူ့စစ် Post ပေါ့။ အဲဒီမှာလည်း မနေ့က သိမ်းလိုက်တာ။ ၂ နေရာ၊ နှစ်ခု သိမ်းတာပေါ့ မနေ့ကတော့။”

ချီဖွေမြို့ကို KIA ဘက်က သိမ်းယူပြီးနောက်မှာ စစ်တပ် လက်လွှတ်လိုက်ရတဲ့ နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း သူကပြောပါတယ်။

“၂ ရက်နေ့ပေါ့။ ၂ ရက်နေ့မှာလည်း တော်တော်များများနေရာမှာ ဗုံးကြဲတယ်။ အောက်တိုဘာ ၂ ရက်ပေါ့။ အောက်တိုဘာ ၁ ရက်ကတော့ အဲလောက်ထိ မဟုတ်ဘူး။ ၂ ရက်ကတော့ ဗုံးကြဲတယ်။ ၃ ရက်နေ့ကတော့ အဲလောက်တော့ မဟုတ်ဘူး။ မနေ့ကပေါ့နော။ သူတို့လက်လွှတ်တဲ့ မြို့တွေ၊ Post တွေ၊ တပ်စွဲတဲ့နေရာတွေ အားလုံးကို သူတို့က ဗုံးကြဲတာ။”

စစ်တပ်ဘက်က နေ့တိုင်းလို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အရပ်သားတွေ ၁ ဦးသေဆုံးခဲ့တာကို တခြားဒေသကို ရောက်နေတဲ့ ချီဖွေမြို့ခံတယောက်က ပြောပါတယ်။

“၂ ခေါက်လို့ ပြောတယ်။ မိုးချုပ်ခါနီးမှာ တကြိမ်လို့ ပြောတယ်။ ၉ နာရီလောက်မှာ တကြိမ်ပေ့ါ့။ အထိအခိုက် မနေ့က တယောက်ဆုံးတယ်လို့ ပြောတယ်။ သူက လီဆူဟုတ်တယ်။ ဗုံးကြဲချတယ်ဆိုတော့ သူက အစထိသွားတာ။ လင်မယားနှစ်ယောက် သွားပုန်းနေတာ။ သူ့မိန်းမကတော့ ဘာမှ မဖြစ်ဘူး။ အမျိုးသားက ပွဲချင်းပြီးလို့ ပြောတယ်။ သူတို့က စဖြစ်တဲ့ရက် နောက်တရက်။ ဒီတခါနဲ့ဆို ၃ ခါလောက်ရှိပြီထင်တယ် လာကြဲတာ။”

ချီဖွေမြို့ခံအတော်များများဟာ လေကြောင်းရန်ကို ကြောက်တာကြောင့် မြို့ကို မပြန်ရဲဘဲ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။ ကချင်သတင်းဌာန KNG မှာလည်း ချီဖွေမြို့ကို လက်လွတ်ခဲ့ပြီးနောက် နေ့စဉ်လို လေကြောင်းက ဗုံးကြဲတာတွေရှိကြောင်းနဲ့ အောက်တိုဘာ ၃ ရက်နေ့က ဗုံး ၄ လုံးကြဲချရာမှာ ခရစ်ယာန်အသင်းတော်တခုရဲ့ သင်းထောက်ဆရာတဦး သေဆုံးခဲ့ကြောင်းနဲ့ ဖော်ပြထားပါတယ်။ ကချင်ပြည်နယ်ထဲက မိုးမောက်နဲ့ ဖားကန့်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါနဲ့ နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG