သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် ချီဖွေမြို့မှာ တိုက်ပွဲဖြစ်ပွား


ချီဖွေမြို့ဆိုင်းဘုတ်
ချီဖွေမြို့ဆိုင်းဘုတ်

ကချင်ပြည်နယ် အရှေ့ခြမ်းက ချီဖွေမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက်နေပြီး၊ နယ်မြေတချို့ကို ထိန်းချုပ်နိုင်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ကပြောပါတယ်။ စစ်ရေးပြင်းထန်လာနေတာနဲ့အမျှ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။ တချိန်တည်းမှာပဲ MNDAA ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတဲ့ ချီဖွေမြို့မှာ တနင်္ဂနွေနေ့ အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း ချီဖွေမြို့မရဲစခန်းအပါအဝင် ကာကင်းစခန်းနဲ့ စုပေါင်းဂိတ်တွေကို သိမ်းယူထားပြီး ဗျူဟာကုန်းကတော့ မသိမ်းနိုင်သေးကြောင်း KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ချီဖွေ၊ ဆော့လော့၊ ရှငေါ် အဲဒီဘက်မှာ မနေ့မနက် ၅နာရီ ဝန်းကျင်ကတည်းကနေ တိုက်ပွဲဖြစ်တာရှိပါတယ်။ ရှငေါ်ကိုတော့ ဒီနေ့ မနက်ပိုင်းမှာ အပြီး သိမ်းလို့ ရပြီလို့ သတင်းပေးလာပါတယ်။ ချီဖွေကိုတော့ မနေ့က ညနေပိုင်းမှာ မြို့တွင်းမှာ မြို့မ ရဲစခန်းတွေ၊ နောက် ကာကင်း Post တွေ၊အဲဒီ ချီဖွေနားက စုပေါင်းဂိတ်တွေ ကတော့ သိမ်းလို့ ရပြီလို့ ပြောတယ်။ ဗျူဟာကုန်းဘက်မှာတော့ မသိမ်းရသေးဘူးလို့ ပြောတယ်။ ဒီနေ့ ကတော့ ဘယ်လိုမှန်း မသိဘူး။ ဆော့လော်ဘက်ကတော့ အခြေအနေ မကြားရသေးပါဘူး။”

ဒီကနေ့ညနေပိုင်း နောက်ဆုံးအခြေအနေကိုတော့ ဆက်သွယ်နေဆဲ ရှိကြောင်း ပြောပါတယ်။
ချီဖွေနဲ့ အဆက်အသွယ်ရှိသူတဦးကတော့ ချီဖွေမြို့က လူအတော်များများ မြို့ကို စွန့်ခွာတိမ်းရှောင်နေကြောင်း ပြောပါတယ်။

“ချီဖွေ မြို့သူ မြို့သားတွေပေါ့နော်။ ချီဖွေက လူတွေကတော့ အကုန်လုံးမြို့ထဲကနေ ထွက်လာကြပြီလို့ ပြောကြတယ်။ သူတို့က နန့်ဟူး၊ နန့်မော်ဇွပ်၊ နန့်ဟူး ရွာ ၂ရွာပေါ့နော်။ ပြီးရင်တော့ ဒီဘက် ၂မိုင်ဘက် ၊ ၂မိုင်ဘက်ကျတော့ လယ်တွေ ဘာတွေလုပ်တဲ့ဘက်ပေါ့။ အဲဒီဘက် ထွက်ကြတယ်လို့ ပြောတယ်။”

သတင်းမီဒီယာတချို့မှာတော့ ချီဖွေဗျူဟာကုန်းကို သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်တွေဟာ ပန်ဝါဘက် ဆုတ်ခွာသွားကြောင်း ဖော်ပြတာတွေ ရှိပါတယ်။ ဒီရက်ပိုင်းမှာတော့ ကချင်ပြည်နယ်အတွင်းက မိုးမောက်မြို့နယ်နဲ့ ဖားကန့်မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲရှိနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA ကိုးကန့်တပ်တွေ သိမ်းထားတဲ့ လားရှိုးမြို့ကိုတော့ စစ်ကောင်စီက တနင်္ဂနွေနေ့ သန်းခေါင်ယံအကျော် ၁၂နာရီခွဲအကျော်မှာ လေကြောင်းက အနည်းဆုံး ဗုံး ၃လုံးကြဲချခဲ့ပါတယ်။

ဒေသခံတဦးကတော့ ဒီနေ့ လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခဲ့သလို မနေ့ည ပိုင်းကလည်း မိုင်းရယ်ဘက်မှာ တိုက်ခိုက်တာရှိခဲ့ကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့ သူတို့ ၃လုံးချတာပေါ့။ ရပ်ကွက် ၁၁၊ နန့်ပါချီးပေါ့ အဲဒီ အောင်စေတနာ လမ်းသွယ် ၂ရဲ့ ထိပ်နားလေးမှာ ၂လုံးပေါ့ဗျာ။ တလုံးဆိုရင် အိမ်ပေါ်တည့်တည့်ကျတယ်။ တလုံးကတော့ အိမ်ပေါ်တည့်တည်မကျဘူး။ ဒါပေမဲ့ ထိခိုက်မှုတော့ တအားများတာပေါ့။ နောက်ထပ်တလုံးကကျတော့ ရပ်ကွက် ၁၂ ၊ ကားဝပ်ရှော့တခုရှိတယ်။ သူ့ရဲ့နောက်မှာ ကွဲတာ။ မနေ့ကကျတော့ ၇နာရီလောက်အချိန်မှာ မိုင်းရယ်ကနေ လားရှိုးဘက် ထွက်တဲ့ဘက်ပေါ့ဗျာ။ ဟိုယရယ်၊ လွယ်ငင်းရယ် ၂နေရာချတာပေါ့။ အားလုံး ၇လုံးချတယ်လို့ ပြောတယ်။ ”

ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ဒီနေ့ တိုက်ခိုက်မှုမှာ လူ တယောက်ထိခိုက်ပြီး နေအိမ် ၅လုံး ပျက်ဆီးခဲ့ကြောင်း နဲ့ ဒီလ ၂၈ရက်နေ့ညက ရပ်ကွက် ၈ မန်ဆူ ဈေးအနီး တိုက်ခိုက်မှုမှာတော့ နေအိမ် အလုံး ၂၀ခန့် ပျက်ဆီးကြောင်း ဖော်ပြပါတယ်။

ဒီကနေ့ မနက်ပိုင်း လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုဟာ ၉ ကြိမ်မြောက်တိုက်ခိုက်တာဖြစ်ပြီး လားရှိုးမြို့ခံတွေ ထပ်မံ တိမ်းရှောင်တာတွေ ရှိနေပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ထုတ်ပြန်ပြီးနောက် လားရှိုးမြို့ကို လေကြောင်း ကနေ ၃ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။


ဒီရက်ပိုင်းမှာတော့ သီပေါနဲ့ နောင်ချိုမြို့နယ် တောင်ခမ်းဘက်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG