သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် အချက်အခြာ နယ်မြေတချို့ သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ


ဆော့လော်မြို့
ဆော့လော်မြို့

ကချင်ပြည်နယ်အရှေ့ပိုင်းက စစ်ရေးနဲ့ စီးပွားရေးအရ အရေးပါပြီး မြေရှားသတ္တုထွက်တဲ့ ချီဖွေနဲ့ ဆော့လော် ကို ၄ ရက်အတွင်း KIA ကချင်လွတ်လပ်ရေးတပ်မတော် က သိမ်းယူလိုက်ပြီဖြစ်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါအပြင် ပန်ဝါအခြေစိုက် ဦးဇခုံတိန်ယိန်းရဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေကိုပါ KIA က ထိန်းချုပ်လာနိုင်တဲ့အခြေအနေ ရှိနေပြီလို့လည်း ဆိုပါတယ်။ ကချင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

ချီဖွေ၊ ဆော့လော်နဲ့ ရှငေါ်ဒေသဘက်တွေကို KIA ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၂၉ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့တာပါ။ ဒီကနေ့မနက်မှာတော့ ဆော့လော်မြို့ကို သိမ်းယူလိုက်ပြီး ကချင်ပြည်နယ်အရှေ့ဘက်တကြောမှာ အရေးပါတဲ့ နေရာတွေကို သိမ်းယူနိုင်ပြီဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ဗွီအိုအေ ကို ပြောပါ တယ်။

“ဆော့လော်ကိုတော့ ဒီကနေ့မနက် ၇နာရီ ဝန်းကျင်လောက်မှာ အပြီး သိမ်းပိုက်လို့ ရပါပြီ။ ချီဖွေလည်း မနေ့က သိမ်းလိုက်ပြီ။ ရှငေါ်သိမ်းပြီ၊ချီဖွေသိမ်းပြီ၊ အခု ဆော့လော်လည်း ပြန်သိမ်းပြီ။ အရေးပါတဲ့ မြို့တွေ အကုန်လုံးသိမ်းလိုက်တာဖြစ်ပါတယ်။ အခုတော့ အဲဒီတကြောလုံးမှာကတော့ တပ်စခန်းတွေက မရှိသလောက် ဖြစ်နေပါတယ်။ ချီဖွေမြို့နယ်မှာကတော့ ကျန်နေတာကတော့ ပန်ဝါဘက်မှာပဲ ကျန်တယ်။”

သိမ်းဆည်းရမိတဲ့ လူ၊လက်နက်စာရင်းကို ရှေ့တန်းတပ်တွေက တင်ပြလာတာမရှိသေးကြောင်းလည်း ပြောပါတယ်။ ချီဖွေမြို့နယ် ပန်ဝါဒေသဟာ ဦးဇခုန်တိန်ယိန်းရဲ့ နယ်ခြားစောင့်တပ် အခြေစိုက်ရာဒေသ ဖြစ်သလို မြေရှားသတ္တု ထွက်ရှိရာဒေသလည်း ဖြစ်ပါတယ်။

ကချင်သတင်းသမားတဦးကတော့ KIA က ချီဖွေနဲ့ ဆော့လော်မြို့တွေကို သိမ်းယူလိုက်တာကြောင့် KIA ဘက်က စစ်ရေးသာမက စီးပွားရေးအရပါ အားသာလာမှာဖြစ်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ချီဖွေနဲ့ ဆော့လော်ကို ၄ ရက်အတွင်း သိမ်းတာပေါ့နော်။ သိမ်းတယ်ဆိုတော့ ချီဖွေ၊ ဆော့လော်အထိ ကို ဒီ တပ်ရင်း၊ တပ်မဟာတွေ အထိ တိုက်ရိုက် လမ်းပေါက်ပြီလို့ ပြောလို့ ရပြီပေါ့။ သူတို့ လမ်းမှာ အတားအဆီး သိပ်မရှိတော့ဘူး။ နောက်တခုက ဒီ စီးပွားရေးအရ ကြည့်မယ်ဆိုရင်လည်း ချီဖွေနဲ့ ဆော့လော်တို့ က မြေရှားသတ္တုတွေ အရမ်း တူးတဲ့နေရာဆိုတော့ အဲဒီမြေရှာ သတ္တုတူးတဲ့နေရာတွေကိုလည်း KIA က တစိတ်တပိုင်းတော့ ထိန်းချုပ်လာနိုင်ပြီလို့ ပြောလို့ ရတာပေါ့။ ပြီးရင် နောက်တခုက ဒီ ပန်ဝါဘက်မှာ ရှိတဲ့ဦးဇခုန်တိန်ယိန်း ရဲ့ နယ်မြေကိုလည်း သူတို့ ဝိုင်းပိတ်ထားနိုင်ပြီလို့ ပြောလို့ရတဲ့အခြေ အနေတော့ ဟုတ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လလယ်လောက်က KIA နဲ့ ပူးပေါင်းတပ်တွေဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းမှာ အရေးပါတဲ့ ဝိုင်းမော်-ကန်ပိုက်တီလမ်းမပေါ်က ဆဒုံးမြို့ကို သိမ်းယူခဲ့သလို ဝိုင်းမော် - ချီဖွေလမ်းပေါ်က ဆနီခူး၊ ဘန်ဒေါင်နဲ့ ရှငေါ် စတဲ့ကျေးရွာရှိ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်း ၄ ခုကို သိမ်းယူခဲ့ပါတယ်။

ဒီရက်ပိုင်းတွေမှာတော့ ကချင်ပြည်နယ် မိုးမောက်နဲ့ ဖားကန့်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲ ရှိပါတယ်။ ချီဖွေနဲ့ ဆော့လော်ကို KIA ကသိမ်းယူနိုင်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Forum

XS
SM
MD
LG