သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်း နောင်ချို၊ သီပေါနဲ့ ကချင် ဖားကန့်က ဆိုင်းတောင်ရွာအနီး တိုက်ပွဲတွေ ပြင်းထန်


နောင်ချို၊ သီပေါမြို့တွေမှာ တိုက်ပွဲပြင်းထန်ကြောင်း TNLA ထုတ်ပြန်သည့် မှတ်တမ်းပုံ (စက်တင်ဘာ ၂၀၊ ၂၀၂၄)
နောင်ချို၊ သီပေါမြို့တွေမှာ တိုက်ပွဲပြင်းထန်ကြောင်း TNLA ထုတ်ပြန်သည့် မှတ်တမ်းပုံ (စက်တင်ဘာ ၂၀၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ သီပေါ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ TNLA ကြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း TNLA ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ အလားတူ ကချင်ပြည်နယ် ဖားကန့်မှာလည်းစစ်ကောင်စီနဲ့ ကချင်လက်နက်ကိုင် ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြပေးပါမယ်။

ဇွန်လ ၂၅ရက်နေ့က ပြန်လည်ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေဟာ ရက်ပေါင်း ၉၀ကျော် ကြာမြင့်လာချိန်အထိ ဆက်လက် ပြင်းထန်နေပြီး အဓိက နောင်ချိုနဲ့ သီပေါမြို့နယ်တွေ မှာ စစ်ကောင်စီက အလွန်အကျွံအင်အားသုံး တိုက်ခိုက်နေကြောင်း TNLA တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက VOA ကို ပြောပါတယ်။

နောင်ချိုဘက်မှာတော့ တိုက်ပွဲကတော့ လက်ရှိအချိန်ထိတော့ တိုက်ပွဲပြင်းထန်နေပါတယ်။ ဒီ ၉၀၂နဲ့ ၂၀၆မှာ ဖြစ်ပါတယ်။ သီပေါမှာတော့ မနေ့အထိဆိုတော့ ခလရ ၂၃ မှာ တိုက်ပွဲ ဖြစ်ပွားနေပါတယ်။ လေကြောင်း တိုက်ခိုက်မှုကတော့ တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ နေ့စဉ်နေ့တိုင်း ရှိပါတယ်။ စစ်ကောင်စီက Y 12 နဲ့ လာပစ်တာမျိုးတွေ ရှိသလို ဒီ လေယာဉ်နဲ့ ရိက္ခာတွေ လာပို့တာမျိုးတွေ ရှိပါတယ်။ လက်နက်တွေ လာပေးပို့တာမျိုးတွေလည်း ရှိပါတယ်။ လက်ရှိမှာဆို ရပ်စောက်ကနေတဆင့် စစ်ကောင်စီဘက်က စစ်ကူဖြည့်နေတာကိုလည်း တွေ့ရပါတယ်။”

နောင်ချိုမြို့နယ်အတွင်း လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့နေရာ အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ် မစခ ၉၀၂ နဲ့ လက်အောက်ခံ အမြောက်တပ် ၂၀၆ တို့ တည်ရှိရာ တောင်ခမ်း ကျေးရွာမှာဖြစ်ပါတယ်။ တောင်ခမ်းရွာဟာ နောင်ချိုမြို့နဲ့ မိုင် ၂၀လောက်အကွာမှာ တည်ရှိပြီး တိုက်ပွဲဖြစ်ပွားနေတာ တလကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ဒီလ ၂၂ရက်နေ့ မနက် ၁နာရီကျော်မှာတော့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ဗုံး ၄လုံးကြဲချရာမှာ သဖန်းကိုင်းရပ်ကွက်မှာ ၃လုံးနဲ့ ကျန်တလုံးက တောတွင်းတနေရာမှာ ကျခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့ပေါ်ကို ဗုံးကြဲ တိုက်ခိုက်တာကြောင့် ထိခိုက်ပျက်ဆီးတဲ့အခြေအနေကို လွေးယေဦးက အခုလို ဆက်ပြောပါတယ်။

မြို့ပေါ်ပစ်နေတာက မနေ့ကဆို နောင်ချိုမှာဖြစ်တယ်ပေါ့လေ။ နောင်ချိုမှာ ပေါင် ၅၀၀ဗုံး ၄လုံး လာကြဲသွားတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၃ဦးကတော့ ထိခိုက်ဒဏ်ရာရတယ်။ ပြီးတော့ အရပ်သား နေအိမ် ၃လုံးနဲ့ အခြား ပြည်သူပိုင်ပစ္စည်းတွေလည်း ထိခိုက် ပျက်ဆီးသွားပါတယ်။ ”

ဒီလ ၂၁ရက်နေ့ ည ၁၀လောက်မှာတော့ စစ်ကောင်စီတပ်က MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ဗုံး ၂လုံးကြဲချခဲ့ပါတယ်။ ဒါဟာ လားရှိုးမြို့ကို သြဂုတ်လ ၃ရက်နေ့က MNDAA သိမ်းခဲ့တဲ့နောက် ၄ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်နေတာကြောင့် လားရှိုးမြို့မှာ နေထိုင်နေသူတွေအတွက် လုံခြုံမှုကင်းမဲ့နေရကြောင်း မြို့ခံတဦးက ပြောပါတယ်။

စိတ်လုံခြုံမှုကတော့ အမြဲတမ်းသတိ၊ ဝိရိယနဲ့ နေနေပြီး အိပ်ရေးတောင်မှ ကောင်းကောင်း မအိပ်ရဘူးပေါ့။ အမြဲတမ်းလေယာဉ်သံပဲ နားစွင့်နေရတာ ဖြစ်နေတယ်။ လေယာဉ်ကိုတော့ ကြောက်တယ်။ ဒါပေမဲ့ ဘယ်မှ သွားလာလို့ မရဘူး။ တခြားမြို့မှာ လုပ်စားဖို့ကလည်း ခက်ခဲတော့၊ ဒီမှာကျတော့ ကိုယ့်မြို့ကိုယ်ရွာဆိုတော့ နည်းနည်း သွားလာပြီးတော့ ကျနော်တို့ ဝမ်းရေးအတွက် ဖြေရှင်းလို့ လွယ်တယ်လို့ ခံစားရတယ်။ ”

တချိန်တည်းမှာတော့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသဘက်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား ၂၂ရက်နေ့ တညလုံးနဲ့ ၂၃ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ဖားကန့်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

မနေ့ညကလည်း တညလုံးချတယ်။ ဒီနေ့ မနက်ပိုင်းအထိ ချကြတာပေါ့။ ဒီနေ့တော့ ခန ငြိမ်တယ်။တိုက်ပွဲက အပြင်းအထန်တော့ မဟုတ်ဘူး။ တချက် တချက်တော့ မြည်တယ်ပေါ့နော် အသံတွေ။ ဆိုင်းတောင်ဘက်ခြမ်း။ ဆိုင်းတောင်နဲ့ ယူမာဘက်ခြမ်းပေါ့။ ဒီနေ့ဆို ၁၇ရက်တောင်ရှိပြီ။ ”

ဒီလ ၂၂ရက်နေ့ နေ့ခင်း ၁နာရီလောက်မှာ စစ်ကောင်စီတပ်က လေကြောင်းက ၂ကြိမ်လာရောက် တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

ဖားကန့်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေအားလုံးနီးပါးဟာ မြစ်ကြီးနား၊ မိုးကောင်း၊ မန္တလေး စတဲ့မြို့တွေကို တိမ်းရှောင်နေကြသလို အဝေးကို မသွားရောက်နိုင်သူတွေကတော့ အနီးအနား ကျေးရွာတွေမှာ တိမ်းရှောင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG