သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောင်ချိုမှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်


TNLA တပ်ဖွဲ့ဝင်များ
TNLA တပ်ဖွဲ့ဝင်များ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ တအန်းအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ တိုက်ပွဲတွေ ရပ်ဖို့ TNLA ကို ပြီးခဲ့တဲ့လနှောင်းပိုင်းမှာပဲ တရုတ်နိုင်ငံက စာပေးပို့ သတိပေးခဲ့ပေမဲ့ အခုအထိတော့ ထူးခြားလာတာ မရှိသေးဘူးလို့လည်း ဒေသခံ အကဲခတ်တဦးက ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

နောင်ချိုမြို့နယ် တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းတွေကို တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ်လဆန်းပိုင်းက စတင်တိုက်ခိုက် နေတာ တနင်္လာနေ့ကအထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားအခြေအနေကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို အခုလို ပြောပါတယ်။

“နောင်ချိုမှာတော့ မနေ့အထိတော့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တောင်ခမ်းမှာရှိတဲ့ ၉၀၂နဲ့ ၃၅၄မှာ တိုက်ပွဲတွေ ဖြစ်နေတာဖြစ်ပါတယ်။ တိုက်ပွဲနေရာမှာလည်း စစ်ကောင်စီက လေကြောင်းနဲ့ ပစ်ကူတာမျိုးတွေရှိသလို လေကြောင်းကနေ စစ်ကူ၊ ရိက္ခာတွေလည်း ပေးပို့တာမျိုးတွေ ရှိပါတယ်။ တခြားနေရာမှာတော့ တိုက်ပွဲသတင်းတက်လာတာ မတွေ့ရဘူး။”

တိုက်ပွဲအခြေအနေကို ဆက်လက်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် မေးမြန်းခွင့် မရခဲ့ပါဘူး။ TNLA ပြန်ကြားရေးဌာနရဲ့ Telegram စာမျက်နှာမှာတော့ နောင်ချိုမြို့နယ် သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ တောင်ခမ်းရွာတွေမှာ တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြပါတယ်။

တောင်ခမ်းရွာအခြေစိုက် အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ် ( မစခ- ၉၀၂) တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းက Y12 လေယာဉ်နဲ့ ၇ကြိမ် ဗုံး ၃၈လုံး၊ မကျီးရေရွာမှာ ဂျက်ဖိုက်တာနဲ့ ၂ကြိမ်၊ အမြောက်တပ်ရင်း ၃၅၄မှာ Y12 လေယာဉ်နဲ့ ၁၂ကြိမ် ဗုံး အလုံး၆၀ ကြဲချခဲ့ကြောင်းနဲ့ မစခ ၉၀၂မှာ Y12 လေယာဉ်နဲ့ လက်နက်ခဲယမ်း ၈၃ထုပ် ချပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

TNLA ကိုတရုတ်ပို့တဲ့စာ ဘယ်အထိသက်ရောက်သလဲ
please wait

No media source currently available

0:00 0:07:32 0:00

တောင်ခမ်းကျေးရွာဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး အမှတ် ၉၀၂ အမြောက်စခန်းကွပ်ကဲရေးဌာနချုပ်၊ အမြောက်တပ်ရင်း ၃၅၄၊ အမြောက်တပ်ရင်း ၂၀၆နဲ့ ၄၀၆ တို့ တည်ရှိတာဖြစ်ပါတယ်။

အမြောက်တပ်ရင်း ၂၀၆နဲ့ ၄၀၆ကို သြဂုတ်လ ၂၈ရက်နေ့က TNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။ တောင်ခမ်းအခြေစိုက် အမြောက်တပ်စခန်းတွေဟာ ရှမ်းမြောက်နဲ့ ရှမ်းတောင်ဆက်သွယ်ရေးလမ်းကို ထိန်းချုပ်ထားသလို ပြင်ဦးလွင်မြို့ လုံခြုံရေးအတွက်လည်း အရေးပါတဲ့ တပ်စခန်းတွေလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကတော့ TNLA ကို တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့အတွက် တရုတ်နိုင်ငံက ရွှေလီမြို့ လုံခြုံရေးကော်မတီအမည်နဲ့ စာပေးပို့ခဲ့ပါတယ်။ စာရရှိကြောင်းလည်း TNLA ဘက်က အတည်ပြုပြီး ဒီစာနဲ့ပတ်သက်လို့ ဗဟိုကော်မတီမှာ ဆွေးနွေးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီစာပေးပို့ပြီး ၁၀ရက်ကျော်လာတဲ့တိုင်အောင် တိုက်ပွဲတွေ ရပ်ဆိုင်းတာ မရှိသေးပါဘူး။ ဒီအခြေအနေအပေါ်မှာတော့ ရှမ်းမြောက်ဒေသက သတင်းသမားတဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ လောလောဆယ် အခြေအနေအရ ကြည့်ရတာတော့ ဒီစာနဲ့ပတ်သက်ပြီးတော့ TNLA က ယတိပြတ်ဆုံးဖြတ်ထားတာ မရှိသေးဘူး။ တရုတ်ဘက်က ခြိမ်းခြောက်ပေမဲ့လည်း လက်ရှိ လောလောဆယ်က ဒီတိုက်ပွဲက ရပ်တန့်သွားတာမျိုးမရှိသေးဘူး။ တိုက်ပွဲက ဆက်လက်ပြီးတော့ ပြင်းထန်နေဆဲလို့ ပြောလို့ ရတာပေါ့နော်။ ဆိုတော့ လောလောဆယ်အခြေအနေအထိကတော့ ကျနော်ထင်တာ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သူတို့ဘက်က ဆုံးဖြတ်ထားတာ မရှိသေးဘူး။ ဒီဟာနဲ့ပတ်သက်ပြီး တရုတ်ဘက်ကိုလည်း ဘာမှ အကြောင်း မပြန်သေးဘူးလို့ ကျနော် ယူဆတာပေါ့လေ။ ပြောရမယ်ဆိုရင် ဒီစာနဲ့ပတ်သက်ပြီးတော့ ဘာမှ လက်ရှိ အကျိုးသက်ရောက်မှုတော့ ဘာမှ မတွေ့ရသေးဘူး။ တရုတ်ဘက်ကလည်း ကုန်သွယ်ရေးတွေ ဘာတွေလည်း အစကတည်းက ပိတ်ထားတာဆိုတော့ တခြားထွေထွေထူးထူးတော့ ဘာမှ ဖြစ်လာမယ် မထင်ဘူးပေါ့နော်။ မဖြစ်လာသေးဘူးပေါ့နော်။ လောလောဆယ်အချိန်ထိကတော့ ရိုက်ခတ်မှုကတော့ အကျိုးသက်ရောက်မှုကတော့ ချက်ချင်းလက်ငင်း လောလောဆယ် မဖြစ်လာသေးဘူး။ ”

ဒီလဆန်းပိုင်းမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ် အထူးကိုယ်စားလှယ် တွေ့ဆုံတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။ KIA သတင်းပြန်ကြားရေးတာဝန်ခံက KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် သွားရောက်တွေ့ဆုံတာရှိကြောင်း အတည်ပြုပေမယ့် ဘာတွေ ဆွေးနွေးတယ်ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ အလားတူပဲ အခြား လက်နက်ကိုင်အဖွဲ့တွေကလည်း ဆွေးနွေးတဲ့အကြောင်းအရာတွေကို သတင်းထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မှာဖြစ်ကြောင်းနဲ့ ဒီနယ်မြေတွေမှာ သတင်းရရှိမှုနဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုရန်လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG