သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ လူ ၂၀ ခန့်သေဆုံး


မောင်တောမြို့နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇူလိုင် ၁၁၊ ၂၀၂၄)
မောင်တောမြို့နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းပုံ (ဇူလိုင် ၁၁၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ်က အာရက္ခတပ်တော် AA ရဲ့ဆေးကုသရေး စင်တာတခုကိုမနေ့က မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့်လူ ၂၀ နီးပါး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အတိုက်အခံ လက်နက်ကိုင် အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာရာက အရပ်သား ထိခိုက်မှုတွေ တိုးလာနေတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းမှာ ရှိတဲ့ အာရက္ခတပ်တော် AAရဲ့ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားဆေးကုသရေးစင်တာကို မနေ့က စက်တင်ဘာလ ၈ရက်နေ့မှာ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၂ဝလောက်သေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးနီးစပ်သူတဦးကပြောပါတယ်။

“ မနေ့က နံနက်အစောကြီးပေါ့နော် စစ်တွေဘက်ကနေ ဦးတည်ပြီးလာတဲ့ ဂျက်ဖိုက်တာတစီး လာပြီးတော့ အဲဒီနေရာကိုကွက်တိဗုံးကြဲသွားတာ။အဲမှာ ပွဲချင်းပြီးကတော့ ၂ဝလောက် တိုက်ရိုက်သေသွားတယ်၊ နောက်ထပ်ဒဏ်ရာအပြင်းအထန်ရတာလည်းရှိတယ်။”

သေဆုံးသွားသူတွေထဲမှာ စစ်သုံ့ပန်းတွေ ဆေးရုံဝန်ထမ်းတွေ အကျဉ်းသားတွေနဲ့ ပြင်ပကနေ လာရောက်ဆေးကုသမှုခံယူနေတဲ့ အရပ်သားတချို့ပါဝင်တယ်လို့လည်း ပြော ပါတယ်။

“ အဲဒီထဲမှာက ဘယ်သူတွေ အများဆုံးပါသွားလဲဆိုရင် ပြင်ပကျေးရွာတွေက ဆေးကုဖို့ ရောက်နေသူတွေ၊ ပြီးတော့ တိုက်ပွဲထဲက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ၊ နောက်တခုက ရာဇဝတ်မှုတွေနဲ့ အပြစ်ကျနေတဲ့သူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ ပြီးတော့ နေမကောင်းလို့ ရောက်နေတဲ့ ကလေးသူငယ်တွေက အစ အရပ်ဘက်ဆိုင်ရာတွေကအစ အကုန်လုံး ပါသွားတာ။”

လူအများအပြား သေကျေထိခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျယ်ပြန့်လာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေမှာ စစ်ရေးအရ အရေးနိမ့်လာနေချိန်မှာပဲ စစ်ကောင်စီ အကြီးအကဲက အပြင်းအထန် လက်တုံ့ပြန်မယ်လို့လည်း မကြာသေးခင်ကပဲ သတိပေးထားတာပါ။ စစ်ရေးနီးစပ်သူ ဒေသခံကတော့ ရခိုင်ပြည်နယ်က မြို့နယ်အများအပြားကို AA အဖွဲ့က ထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတာလို့ ပြောပါတယ်။

“ အာရက္ခတပ်တော်AAထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ နယ်မြေတွေကို သူတို့က မြေပြင် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်လာဖို့ဆိုတာက ခက်ခဲသွားပြီလေ၊ ရေကြောင်းက လာပြီးတော့ ထိုးဖောက်ဖို့ ဆိုတာကလည်း တော်တော့ကို ခက်ခဲတဲ့ အလုပ်ဖြစ် လာတယ်၊ ဆိုတော့ ဒီလမ်းကြောင်းနှစ်ခုက ထိုးဖောက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် သူတို့မှာ လွယ်တာ လေကြောင်းပဲ ရှိတယ်။ ဆိုတော့ ဒီနောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာ နိုင်တယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းက AAထိန်းချုပ်နယ်မြေတခုမှာရှိနေတဲ့ ဒေသခံ အမျိုးသမီး တဦးကတော့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပေါ် စိုးရိမ်နေပါတယ်။

“ အရင်ကကျတော့ သူတို့က အဲလိုမျိုး တရားဝင် ထုတ်ပြန်တာမရှိဘူး အခုက မြန်မာ့အလင်း ကနေ တဆင့် သတင်းတွေ ဘာတွေ ထုတ်ပြန်တယ်ဆိုတော့ ပိုပြီးတော့ လုပ်မလားဆိုပြီး စိုးရိမ်မှုတွေ အရမ်းများတယ်လို့ ပြောလို့ရတာပေါ့၊ သူတို့အဓိက တိုက်ခိုက်နိုင်တာလည်း လေကြောင်းတခုပဲ ရှိတော့လေ၊ သူတို့ ဘယ်အချိန် ဘယ်လိုမျိုးချမလဲ မသိဘူးပေါ့နော်၊ရှမ်း မြောက်မှာ လိုမျိုး စစ်ဘေးရှောင်စခန်းမှန်းသိသိကြီးနဲ့ လာပစ်မှာလည်း ဒေသခံတွေဆိုတာ သိ သိကြီးနဲ့ လာပစ်မှာလားဆိုတဲ့အပေါ်စိုးရိမ်မှုတွေ ရှိနေပါတယ်။”

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေကျေမှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက သတိပေးနေချိန်မှာပဲ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ဘေးရှောင်တွေရှိရာ နေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ဦး အပါအဝင် လူ ၈ဦးထက်မနည်း သေဆုံးခဲ့သလိုTNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ဦး သေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG