သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လိုလားချက် AA အဖွဲ့ကြိုဆို


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သတ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ဆွေးနွေးလိုတဲ့အပေါ် အာရက္ခတပ်တော် AA အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တရားဝင် ဆက်သွယ်တာ မရှိသေးပေမဲ့ ရိုဟင်ဂျာအရေး ဆွေးနွေးဖြေရှင်းဖို့ လိုတယ်လို့ ပြောဆိုလိုက်တာပါ။ ရိုဟင်ဂျာအရေး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားအပေါ် AA အဖွဲ့ တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်က နေရာတော်တော်များများကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် AA နဲ့ ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်လိုတယ်လို့ ဘင်္ဂလားဒေရှ် နိုင်ငံခြားရေး ဝန်ကြီးဌာန အကြီးအကဲက မနေ့ကပဲ ပြောလိုက်တာပါ။ ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို နောက်ထပ် ထွက်ပြေးသူတွေ တိုးလာနေချိန်မှာပဲ အခုလို ပြောလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက တရားဝင်ဆက်သွယ်လာတာမရှိသေးပေမဲ့ အိမ်းနီးနိုင်ငံတခုအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေးအပါအဝင် ရိုဟင်ဂျာဒုက္ခသည် အရေးတွေကို နှစ်ဘက် ဆွေးနွေးအဖြေရှာရမှာဖြစ်တယ်လို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ ဘင်္ဂလားဒေရှ့် ကြားဖြတ်အစိုးရဘက်ကတော့ တရားဝင် ဆက်သွယ်လာတာမျိုးတော့ မရှိ သေးဘူးဗျာ။ ဒါပေမယ့်လည်း ဘင်္ဂလားဒေရှ့်ဟာ ကျနော်တို့ရဲ့ အိမ်နားနီးချင်းနိုင်ငံဖြစ်တယ်၊ နယ်စပ်တလျှောက်မှာလည်း နိစ္စဓူဝဖြစ်ပေါ်နေတဲ့ ကိစ္စအရပ်ရပ်နဲ့ ပတ်သတ်ပြီးတော့ နယ်စပ် တည်ငြိမ်ရေး နောက်မူးယစ်ဆေးဝါးနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး နောက် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ပြီးလို့ရှိရင် ဒုက္ခသည်များအရေး အဲလိုမျိုးအရေးကြီးတဲ့ ကိစ္စတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”


လက်ရှိမှာတော့ ဘင်္ဂလားဒေရှ့် နယ်စပ်တလျောက်က မြန်မာ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ပြီး နယ်စပ်တလျှောက် ထိန်းချုပ်ထားကြောင်း AA အဖွဲ့က ကြေညာထားပါတယ်။ တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ မောင်တောမြို့ကို သိမ်းပိုက်နိင်ဖို့ ထိုးစစ်ဆင်နေတာကြောင့် နောက်ထပ် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသူတွေလည်း ရှိနေကြတာပါ။

ပြီးခဲ့တဲ့လတွေက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၈ဝဝဝ နီးပါးရှိတယ်လို့လည်းဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကပြောဆိုထားပါတယ်။ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေကို စာနာပေမယ့် နောက်ထပ်ထွက်ပြေးလာမယ့် အရေးကိုတော့ ဟန့်တားဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ စွမ်းအားမရှိတော့ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲက ပြောဆိုခဲ့တာပါ။

လက်ရှိဘင်္ဂလားဒေရှ့်နိင်ငံဘက်ကပြောဆိုချက်အရ အာရက္ခတပ်တော်AAနဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေနေရပ်ပြန်ရေးကို ဆွေးနွေးချင်တယ်ဆိုပေမယ့် ပဋိပက္ခတွေကြား လက်တွေ့ဖြစ်နိုင်ဦးမှာ မဟုတ်ဘူးလို့လည်း ရခိုင်ဒေသခံ နိုင်ငံရေးအကဲခတ် ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“ ဒီလိုဆွေးနွေးရုံနဲ့လည်း မွတ်ဆလင်တွေ ပြန်လာဖို့ဆိုတာ ဘယ်လိုမှ မသေချာသေး ဘူး။ဘာလို့လည်းဆိုတော့ ဒီရောက်လို့ရှိရင် ဘယ်လို ထားမလဲ ဘယ်မှာ ပြန်ထားမလဲ သူတို့တွေရဲ့ လတ်တလော စားဝတ်နေရေးကို ဘယ်သူက တာဝန်ယူပေးမလဲ၊ UNက တာဝန်ယူပေးမလား၊ဘင်္ဂလားဒေရှ့်က တာဝန်ယူပေးမလား၊ ဆိုတာတွေက အစ ဒီလူတွေ လတ်တလောနေဖို့ ထိုင်ဖို့အတွက် ပြင်ဆင်ရမယ့် အရာတွေကအစ ဒါအများကြီး ဒီဖြစ်စဉ်တခုလုံးက လုပ်စရာတွေ ရှိနေပါသေးတယ်။ ဘယ်လိုပြောပြောပေါ့ အာရက္ခတပ်တော်ဘက်ကတော့ နိုင်ငံတကာနဲ့ ဒါရိုက်ဆက်ဆံခွင့်ရလာတယ်ဆိုလို့ရှိရင်တော့ နိုင်ငံရေးအရ အကျိုးအမြတ်ရတယ်လို့ ကျနော်နားလည်ပါတယ်။”

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ရော ကုလသမဂ္ဂနဲ့ပါ နားလည်မှုစာချွန်လွှာတွေကို သီးခြားလက်မှတ်ရေးထိုး ထားပေမဲ့ လက်တွေ့မှာတော့ အကောင်အထည်မဖော်နိုင်ပဲ ဖြစ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ လုံခြုံစိတ်ချရတဲ့ အခြေအနေမျိုးမှာ သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့နဲ့ အခြေခံ အခွင့်အရေးတွေ ရရှိဖို့ အာမခံချက် ရှိမှသာ နေရပ်ပြန်လိုကြောင်းလည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG