သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ့်ခမ်းမှာ စစ်တပ်ဗုံးကြဲလို့ ၁၁ ဦးသေဆုံး


TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)
TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)

တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ခမ်းမြို့ကို ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နမ့်ခမ်းမြို့ကို သိမ်းယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

တအာင်း TNLA သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့ကို ညဉ့်သန်းခေါင်ကျော် သောကြာနေ့မနက် ၁ နာရီအကျော်မှာ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အပါအဝင် လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပြပါတယ်။

“ မနေ့ည ၁ နာရီခွဲလောက်မှာပေါ့နော်။ဗုံးက နှစ်ကြိမ်လာကြဲလိုက်တယ်။ တလုံးကျတော့ ဒီ ညဈေးတန်း၊ ဈေးတန်းမှာ တလုံးကျတယ်။ အဲဒီမှာတော့ ထိခိုက်မှုတော်တော်များတယ်။ နောက်တလုံးကျတော့ ခန်းမတခုမှာ ကျတာပေါ့နော်။ ကျမတို့ သိရတဲ့စာရင်းအရဆို သေဆုံးတာကတော့ ၁၁ဦးရှိတယ်။ ကလေးအပါအဝင် ၁၁ ဦးရှိတယ်။ ကိုယ်ဝန်ဆောင်မိခင်တဦးပါတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူက ၁၂ယောက်ရှိတယ်။ ဒီနောက်ဆက်တွဲကတော့ နေ့လည်ခင်းအထိကတော့ ပြန်ပြီးမှ မသိရသေးဘူး။”

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)
TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့အပြီး တွေ့ရစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)

တရုတ်-မြန်မာနယ်စပ်က ဒေသခံသူတဦးကလည်း စစ်တပ် ဗုံးကြဲမှုနဲ့ပတ်သက်လို့ သူသိထားတာကို အစောပိုင်းက ခုလို ပြောပြပါတယ်။

“ထိတာက ၅ နှစ်အောက် ကလေးက ၂ ယောက်ရှိမယ်။ ၁၂ နှစ်အောက်က တယောက်ရှိမယ်။ ၁၃ နှစ်အောက်က တယောက်ရှိမယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တယောက်ရှိမယ်။ အသက်၇၀ ကျော်က ၁ ယောက်ပါမယ်။ အားလုံးပေါင်းက ၁၁ ယောက်သေတယ်။ ၁၂ ယောက်ဒဏ်ရာရတယ်။ အခုက လူက ထပ်ရှာတုံး။ ဒီဗုံးဒဏ်ကြောင့် ပျက်ဆီးသွားတာ အိမ် ၂၀ ကျော်ရှိမယ်။ ပြီးတော့ ဒီအစအနတွေ စင်သွားတဲ့အချိန်မှာ တချို့အိမ်တွေ သွားထိတဲ့အချိန်မှာကျတော့ အိမ်ပေါင်း ၅၀ ထက်မနည်း ထိတာပေါ့နော်။”

တိုက်ပွဲတွေ ဖြစ်မနေဘဲ အရပ်သားတွေရှိနေတဲ့ နေရာတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့တာဝန်ရှိသူက ပြောလိုက်ပါတယ်။

“ ဒီနမ့်ခမ်းမှာဖြစ်သွားတဲ့ဟာဆိုရင် တိုက်ပွဲမရှိဘူးပေါ့နော်။ ဒီ Operation ပြီးကတည်းက ဒါ ပထမဆုံးအကြိမ်လာပြီးမှ ကြဲတာဖြစ်တယ်။ သူတို့ ကြဲတဲ့နေရာဟာ ပြည်သူလူထု အရပ်သားတွေ ရှိတဲ့နေရာဖြစ်တယ်။ တခြား ဌာနဆိုင်ရာရုံးတွေနဲ့လည်း ခပ်ဝေးဝေးမှာ ရှိတဲ့အနေအထားမှာ တွေ့နေရတာပေါ့နော်။ ဒီလိုလုပ်တယ်ဆိုတာက သူက လုံးဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုကို ဦးတည်တိုက်ခိုက်တယ်လို့ ပြောလို့ရသလို နိုင်ငံတကာရဲ့ ဥပဒေကိုလည်း လုံးဝကို လေးစားမှုမရှိဘဲနဲ့ ဒီအပေါ်မှာ လျစ်လျူရှုတယ်။ နိုင်ငံတကာဥပဒေကိုလည်း မထီမဲ့မြင်လုပ်ကြတာလို့ ပြောလို့ရတာပေါ့။ ဒါ War Crime တခု ဖြစ်နေတာပေါ့နော်။"

စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့တာမှာ ညဈေးအနီးက နေအိမ်တွေအပေါ်နဲ့ ကျားဖြူခန်းမအနီး ၂ နေရာမှာ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ကလေး ၂ ဦး၊ အမျိုးသား ၅ ဦး နဲ့ ကိုယ်ဝန်ဆောင်တဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးကြောင်းနဲ့ ၁၁ ယောက် ထိခိုက်ခဲ့ကြောင်း TNLA က အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းမြိုင်မြို့နယ်မှာလည်း ဒီနေ့ စက်တင်ဘာ ၆ ရက်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ယောက်သေဆုံးခဲ့သလို၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာလည်း လေကြောင်းက တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဒေသတွင်းကလာတဲ့ သတင်းတွေမှာ ပြောထားကြပါတယ်။

မနေ့ စက်တင်ဘာ ၅ ရက် ကြာသပတေးနေ့ ညပိုင်းကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က စစ်ဘေးရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ ဦးအပါအဝင် လူ ၈ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အခုလို အရပ်သားပြည်သူတွေ ရှိနေတဲ့ နေရာတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်နေတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စက်တင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်ကလည်း မန်တုံမြို့နဲ့ သီပေါမြို့တွေအပေါ် ဗုံးကြဲတိုက်ခိုက်တာကြောင့် လူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ခဲ့ပါတယ်။ လောလောဆယ်မှာတော့ ရှမ်းပြည်နယ် မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နမ့်ခမ်းအပါအဝင်မြို့အတော်များများမှာ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး နမ့်ခမ်းဒေသခံတွေကို ဆက်သွယ်နိုင်ဖို့ ခက်ခဲနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG