သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာတချို့ လေကြောင်းတိုက်ခိုက်ခံရ


စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ယခင်မှတ်တမ်းဓာတ်ပုံ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ယခင်မှတ်တမ်းဓာတ်ပုံ။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မြို့သာမြို့မှာလည်း စစ်ကောင်စီ ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဘက်ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့လည်း သိရပါတယ်။ မြင်းခြံနဲ့ကျောက်ပန်းတောင်းဘက်က တိုက်ပွဲအခြေအနေတွေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာဖြစ်တဲ့ မြင်းခြံကုန်းနဲ့ ဆူးဖြူကုန်းကျေးရွာတွေကိုစက်တင်ဘာ ၁ ရက် ညနေပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ သေဆုံးထိခိုက်ခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုအတွင်း မြင်းခြံကုန်းကျေးရွာထဲက နေအိမ်တအိမ်အပေါ် ထိမှန်ပေါက်ကွဲပြီးမိသားစုဝင် ၄ ဦး နေရာတင်သေဆုံး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူကိုကြည်စတားက ပြောပါတယ်။

"မြင်းခြံကုန်းကျေးရွာကို လေယာဉ်နဲ့ ဗုံး ၃ ကြိမ် လာကြဲသွားတယ်။ ပြည်သူ ၄ ယောက် တအိမ်တည်း သေဆုံးသွားပြီး ၂ယောက် ဒဏ်ရာ ရသွားတယ်ပေါ့။ အဲ့ ၂ ယောက်ကို ဘေးကင်းမယ်ထင်တဲ့ ဆေးရုံတခုကို ပို့ပေးထားပါတယ်။ အသက်မစိုးရိမ်ရတော့ပါဘူးခင်ဗျ။ ရွာပေါ် ကျတယ်။ ညနေ ၄ နာရီလောက်ကြီး ရွာပေါ်ကျတော့ ထိခိုက်ကုန်တာပါ။"

လေကြောင်း တိုက်ခိုက်မှုမဖြစ်ခင် တရက်အလို သြဂုတ် ၃၁ ရက်နေ့ကတော့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး နယ်မြေစိုးမိုးရေးအတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိထ္ထီလာ - ကျောက်ပန်းတောင်း လမ်းပိုင်းမှာ စစ်ဆေးတာတွေ လုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ်ကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်အချို့သေဆုံးခဲ့သလို ဝန်ထမ်းအချို့ကိုလည်း ဖမ်းဆီရမိခဲ့တာပါ။ အဲဒီနောက်ရက်မှာပဲကျောက်ပန်းတောင်း မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက အခုလို ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတဲ့အခြေအနေကိုရော၊ နောက်တရက် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကိုပါ စစ်ကောင်စီကတော့ ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးဆိုပြီး တော်လှန်ရေးတပ်တွေဖက်က ငါန်းဇွန်မြို့နယ် မြို့သာမြို့ရဲစခန်းကို စက်တင်ဘာ(၁) ရက် မနက်အစောပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်အကျအဆုံးရှိတဲ့အထိ ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲစခန်းကို မသိမ်းပိုက်လိုက်နိုင်ဘူးလို့ တိုက်ပွဲအခြေအနေကိုသိရှိတဲ့ဒေသခံတဦးက ပြောပါတယ်။

"၅ နာရီလောက်မှာတိုက်ပြီး ၇ နာရီခွဲလောက်မှာ ပြန်ဆုတ်တာ။ စခန်းမရလိုက်ဘူး။ သူတို့ဘက်က စစ်ကြောင်း ၃ကြောင်းနဲ့ စစ်ကူလာတာလေ။ တိုက်ပွဲဖြစ်တော့ လေယာဉ်နဲ့ လာပစ်တာ လေကြောင်းကော ကုန်းကြောင်းကောပေါ့ အဲ့တော့ ဆုတ်ခွာလိုက်ရတာပေါ့။ ကျဆုံးမှုတွေက ကိုယ့်ဘက်က ၃ ယောက်၊ သူတို့ဘက်က ၂ ယောက်ထိ (သေဆုံး) တယ်လို့ ကြားတယ်။"

ငါန်းဇွန်မြို့နယ်ထဲမှာ ငါန်းမြာကြီး ၊ မြို့သာ ၊ ငါန်းဇွန် မြို့နယ် ရဲစခန်း ၃ ခုရှိပြီး ငါန်းမြာကြီး ရဲစခန်းကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မြို့သာ ရဲစခန်းကို ဆက်လက် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG