သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆို နန်းမယ်ခုံကို စစ်ကောင်စီ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်


ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၄/ဗွီအိုအေ ဗွီဒီယို screenshot)
ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခံရတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၄၊ ၂၀၂၄/ဗွီအိုအေ ဗွီဒီယို screenshot)

ကရင်နီပြည် ဒီးမော့ဆိုမြို့အနီး နန်းမယ်ခုံမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သား တဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကတော့ ဒေသခံပြည်သူတွေကို အကူအညီပေးဖို့ ဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ ကရင်နီပြည်ထဲကနေ တိုက်ရိုက် ရိုက်ကူး သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင်း နန်းမယ်ခုံမြို့ကို စစ်ကောင်စီက စက်တင်ဘာလ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်စလုံး လေကြောင်းတိုက်ခိုက် ဗုံးကြဲတာတွေကြောင့် အရပ်သားတဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာတော့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီလက်အောက် အကျဉ်းသားတွေထိန်းသိမ်းထားတဲ့ ရဲစခန်းကို စစ်ကောင်စီ တိုက်လေယဉ်တစင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ တာဝန်ရှိသူတွေကတော့ ဒီလို ဗုံးကြဲတိုက်ခိုက်တာတွေအပေါ် စစ်ကောင်စီကို ရှုတ်ချပြစ်တင်ပြီး အရပ်သားတွေကို ကူညီကယ်ဆယ်ဖို့ ဆောင်ရွက်နေကြပါတယ်။

“လုံးဝရှုတ်ချတယ်။ အဲဒါက လုံးဝ ကျနော်တို့အပေါ်မှာ အနိုင်ကျင့်တယ်။ နောက်တခုက အကြမ်းဖက်မှုဖြစ်တယ်။ ဒီအကြမ်းဖက်မှုမျိုးကိုတော့ လုံးဝလက်မခံဘူးလေ၊ ဒါကို ရှုတ်ချတယ်။ ဗုံးကြဲတဲ့နေရာကို ကျနော်တို့ လာကြည့်တယ်။ ဖြစ်တာက ကရင်နီပြည်ရဲ့ အလုပ်လုပ်နေတဲ့ နေရာတခုဖြစ်နေတာပေါ့လေ။ ဆိုတော့ ထိခိုက်မှုတွေ နည်းနည်း ရှိတယ်။ တချို့ဆို အသက်ဆုံးရှုံးမှုတွေ ရှိနေတယ်ပေါ့လေ၊ နော်။”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတဦးကလည်း ပြောပါတယ်။

“ကျနော်တို့ရဲဘော်တွေ ဟိုးမှာ ဝင်အောင်းနေတော့ အစက ဒီလို ..ဟိုဘက်ကနေလာရင် ဒီဘက်ကနေ အောင်းလိုက်ရင်တော့ အဆင်ပြေမယ်နော၊ ဒါပေမဲ့ သူက ဝိုက်လာပြီးတော့ လာချသွားတာ နှစ်လုံး၊ ဟိုမှာတလုံး၊ ဒီမှာတလုံးပေါ့နော။ သေတဲ့လူက အခု (၁) ယောက်ရှိမှာပါတယ်။ မိန်းကလေး ရဲမေပေ့ါနော၊ ကျနော်တို့ KSP ကရဲမေပေ့ါနော၊ ဒဏ်ရာရာသူကတော့ ခန့်မှန်းခြေကတော့ ၈ ဦး ပေါ့နော်၊ ခန့်မှန်းခြေပဲ ရှိသေးတယ်။ အစည်းအဝေးက စတုန်းပဲရှိသေးတယ်၊ အသံကြားတော့ ပြေးလာလိုက်တာ- ကားအရှေ့မှာ ခေါ်တင်သွားတယ်။ ခေါ်ပြီးတော့ ရဲဘော်တွေကိုမေးကြည့်တယ်၊ ဘယ်နှစ်ယောက်များ ဒဏ်ရာရသလဲဆိုတာ။ သူတို့တွေက ခန့်မှန်းခြေပဲ ပြောပြတယ်၊ ခန့်မှန်းခြေ ၈ ယောက်လောက်ရှိမယ်ထင်တယ်လို့ ပြောပြတာပေ့ါနော။ တယောက်လောက်ကတော့ ကံမကောင်းဘူးနော။”

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကလက်မခံတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် ကယား ခေါ် ကရင်နီနဲ့ ရှမ်းပြည်နယ်စပ်တလျှောက်မှာ စစ်ပွဲတွေ ဆက်တိုက်ရှိခဲ့ပါတယ်။ မိုးဗြဲကနေ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုကို စစ်ရှောင်လာသူတဦးကတော့ အခု စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နောက်ထပ်တနေရာ စစ်ရှောင်ရဦးမယ်လို့ ပြောပါတယ်။

“စစ်ရှောင်တာပေါ့။ တချို့တွေ အခုတောင်မှ စစ်ဘေးရှောင်ပြေးကြပြီ။ မြောက်ဘက်ကို ပြေးသွားကြပြီ။​ မနေ့ကလည်း တချက်လာပစ်တယ်၊ နှစ်လုံးပေါ့။ အဲဒီ မြောက်ဘက်ရှမ်းရွာ။”

အခု စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းအထိကိုပဲ ဒီးမော့ဆိုမြောက်ပိုင်းဒေသတွေကို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ ပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ်လကနေစလို့ ဒီးမော့ဆိုမြို့နယ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်းလုပ်လာတာပါ။ ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်ဆန်းပိုင်း မြို့တော်လွိုင်ကော်အထိ တိုက်ပွဲတွေဆင်ပြီး ကယား အခေါ် ကရင်နီဒေသအများစုကို ထိန်းချုပ်ထားကြတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့လကတည်းက တော်လှန်ရေးတပ်ဖွဲ့ တွေက လွိုင်ကော်ကနေ ဆုတ်ခွာခဲ့ပါတယ်။ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စက်တင်ဘာလ ၄ ရက်နေ့ကတော့ လွိုင်ကော် ဒေသစစ်ကွပ်ကဲရေးဌာနကို ရောက်ရှိလာပြီး နယ်မြေခံတပ်တွေနဲ့ တွေ့ဆုံပါတယ်။ အဲဒီအချိန်မှာပဲ KNDF ကရင်နီ ဒေသကာကွယ်ရေးတပ်က လွိုင်ကော်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG