သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်တုံမြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီး


မန်တုံမြို့လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ (စက်တင်ဘာ ၄၊ ၂၀၂၄)
မန်တုံမြို့လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ (စက်တင်ဘာ ၄၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသက TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို မနေ့တုန်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး ဒဏ်ရာရခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အများပြည်သူတွေ သွားလာနေတဲ့ နေရာကို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်အဖြစ်နဲ့လည်း TWO ခေါ် တအန်းအမျိုးသမီးအဖွဲ့က ကန့်ကွက်ခဲ့တာပါ။ စစ်ကောင်စီနဲ့ TNLA ပူးပေါင်းတပ်တွေအကြား စစ်ရေးပဋိပက္ခ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကောင်စီက တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပါအဝင် ညီနောင် မဟာမိတ် ၃ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာပြီး၊ ရက်ပိုင်းအတွင်းမှာပဲ TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒီလ ၃ရက်နေ့ ညပိုင်းမှာဖြစ်ပွားခဲ့ကြောင်းနဲ့ အနည်းဆုံး ဒေသခံအမျိုးသား ၁ ဦး ဒဏ်ရာရခဲ့ပြီး၊ လက်ဖက်စက်ရုံပျက်ဆီးခဲ့ ကြောင်း TWO ခေါ် တအန်းအမျိုးသမီးအဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။

“ဗုံးကြဲတဲ့အချိန်က မနေ့ည ၁၀နာရီကျော်။ ၁၁နာရီ ဝန်းကျင်လောက်မှာ။ ၃ကြိမ်လာကြဲသွားတယ်ဆိုတာတော့ သိလိုက်တယ်။ ဒါပေမဲ့ လေယာဉ်က ဘယ်နှစ်စီးလာလဲ။ ဘယ်နှစ်ခါလာလည်းဆိုတာတော့ တိတိကျကျ တော့ မသိလိုက်ဘူးရှင့်။ ထိခိုက်မှုကတော့ ဒေသခံတဦး အမျိုးသားတဦးပေါ့။ သူကတော့ ထိခိုက်ဒဏ်ရာရတယ်။ လာကြဲတာက မြို့တွင်းထဲက လက်ဖက်စက်ရုံတခုထဲမှာ လာကြဲတဲ့အခါကျတော့ အဲဒီစက်ရုံကတော့ ပျက်ဆီးမှုတော်တော်များတယ်။ လူထိခိုက်မှုကတော့ တယောက်ရှိတယ်။ ”

၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ရှမ်းမြောက်ဒေသက မြို့အတော်များများကို သိမ်းယူခဲ့တဲ့နောက် သူတို့ ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့တာပါ။


ဒီလို တိုက်ခိုက်တာအများစုဟာ လူနေရပ်ကွက်နဲ့ လူအများသွားလာရာနေရာတွေဖြစ်တာကြောင့် လူသားမဆန်တဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း TWO တာဝန်ရှိသူ အမျိုးသမီးက ဆက်ပြောပါတယ်။

“ တိုက်ခိုက်နေတဲ့နေရာက လူထုတွေ သွားလာနေတဲ့နေရာတွေဖြစ်တယ်။ အများပြည်သူတွေ လှုပ်ရှားနေတဲ့ ဧရိယာတွေဖြစ်တဲ့အပေါ်မှာကျတော့ ဒါသည် လူထုကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတယ်လို့တော့ ပြောလို့ရတာပေါ့နော်။ ဒါကတော့ မဖြစ်သင့်တဲ့အရာဖြစ်တယ်။ စကစရဲ့ လုပ်ဆောင်ချက်တွေသည် လူသားမဆန်တဲ့ ဟာတွေဖြစ်တဲ့အတွက်ကြောင့် ကျမတို့ကတော့ ကန့်ကွက်တယ်။ ဆန့်ကျင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေအနေနဲ့ဆိုရင်တော့ ဒီ လေယာဉ်ဆီတင်သွင်းမှုတွေကို အတတ်နိုင်ဆုံး ပိတ်ဆို့ပေးဖို့ ကျမတို့ တောင်းဆိုခဲ့တာတွေတော့ ရှိတာပေါ့နော်။ ”


ဒေသခံတွေကို ထိခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

သြဂုတ်လ ၂၀ ရက်နေ့ကလည်း TWO အပါအဝင် တအန်းအရပ်ဘက် အဖွဲ့အစည်းတွေက အရပ်သားတွေကို ထိခိုက်စေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်တန့်စေရေးအတွက် နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

သြဂုတ်လ ၃၀ရက်နေ့ကလည်း MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တွေ သိမ်းယူခဲ့တဲ့ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ စတဲ့မြို့တွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၃၀၀န်းကျင်လောက်သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာတော့ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့အမြောက်တပ် ၉၀၂နဲ့ ၃၅၄ တပ်ရင်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG