သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြင်းခြံ ၊ နွားထိုးကြီးနယ်တွေကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ


စစ်ကောင်စီစစ်တပ် လေ့ကျင့်နေမှုမြင်ကွင်း (ဇန်နဝါရီ ၃၁၊ ၂၀၁၉)
စစ်ကောင်စီစစ်တပ် လေ့ကျင့်နေမှုမြင်ကွင်း (ဇန်နဝါရီ ၃၁၊ ၂၀၁၉)

မန္တလေးတိုင်း မြင်းခြံမြို့နယ်နဲ့နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်း ဘုတလင်ဘက် စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ၂ သောင်းကျော် စစ်ဘေးရှောင်နေရပြီး အကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရေးပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်အခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို တင်ပြထားပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် အရှေ့ဘက် တောတွင်းတနေရာမှာ စခန်းချနေတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ စခန်းတခုကို မနေ့ အောက်တိုဘာ ၁၅ ရက် ညပိုင်းက စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲက နွားထိုးကြီးနဲ့မြင်းခြံအစပ်က ရွာကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ နေအိမ်ပေါ်ကျပြီး အရပ်သား အမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးနဲ့ ကလေးငယ် ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေကို ဒေသခံတဦးက ပြောတာကတော့-

"အားလုံးပေါင်း ၆ လုံးကြဲတာ။ ပထမ၇ နာရီ ၄၆ မိနစ်တလုံးကရွာကြီးကျေးရွာကိုကျတော့ သားအဖ ၃ ယောက်ထိတယ်။ ၃ ထပ်တိုက်က သားအဖ ၃ ယောက်ထိတယ်။ မိန်းမက သေသွားတယ်။ အမျိုးသား ၁ ယောက်နဲ့ ကလေး ၁ ယောက်ကတော့ မ သေသေးဘူး။ အဲ့ဒါကြဲပြီးတော့ နောက် ၃ လုံးက မြင်းခြံမြို့နယ်ထဲက စခန်းတည့်တည့်ကျပြီးတော့ PDF ၆ ယောက်သေတယ်။"

တချိန်တည်းမှာပဲ မြင်းခြံမြို့နယ်ထဲက နောက်ထပ် နေရာ ၂ ခုကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သလို ကာကွယ်ရေးတပ်တွေ ရှိနေတယ်ဆိုတဲ့ယူဆရတဲ့ သတင်းပေးပို့မှုကြောင့် အခုလို နေရာစုံ လေကြောင်းတိုက်ခိုက်ခံရတာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီးက ဘုတလင်မြို့နယ်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်း စစ်ကြောင်းထိုးနေတာ အခုဆို ၁၂ ရက် ရှိနေပြီဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေး လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၇ ရွာထက်မနည်းက ဒေသခံ ၂ သောင်းကျော်ဟာ စစ်ကြောင်းနဲ့ဝေးရာနေရာတွေမှာ တိမ်းရှောင်နေရပါတယ်။

စစ်ဘေးရှောင်ရတဲ့ ရက်ကြာမြင့်လာတာနဲ့အတူ စားဝတ်နေရေး အခက်အခဲတွေကြုံတွေ့နေရပြီး စစ်တပ် တပ်စွဲထားတဲ့ တက်လှိုင်းကျေးရွာမှာလည်း ဖမ်းဆီးခံထားရသူတွေရှိတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူ တဦးက အခုလို ပြောပါတယ်။

"သူတို့အောင်းနေတဲ့ရွာထဲမှာပဲ ဓားစာခံက ၂၀ ကျော်ပါတယ်။ အနီးကပ်လည်း ဘယ်သူမှသွားပြီးမကြည့်နိုင်တော့ သတ်ခံရတဲ့ ပြည်သူ ရှိမရှိမသိဘူးခင်ဗျ။ (ပြည်သူတွေက) စစ်ကြောင်းတွေနဲ့ ဝေးတဲ့နေရာလေးတွေပေါ့ လွတ်တဲ့ရွာလေးတွေပေါ့ အဲ့နေရာတွေမှာ ရှောင်နေကြတယ်။ ဆိပ်သာကန် တက်လှိုင်း မြောက်ကြည် ပဲပြစ်တော နတ်ရွာ စစ်ကြောင်းတလျှောက်က ရွာတွေပေါ့။ အားလုံးပေါင်း ကျေးရွာဆို ၇ ရွာလောက်ရှိမယ်ခင်ဗျ။ လူဦးရေက ၂ သောင်းခွဲဝန်းကျင်ရှိမယ်။ ရက်ရှည်တာများသွားတော့ အဓိက ကတော့ ဆန်ဆီပေါ့ဗျာ။ အဲ့ဒါလိုမယ်။"

စစ်ကောင်စီစစ်ကြောင်းတွေဟာ ဘုတလင်မြို့နဲ့ ၃ မိုင်ခန့်အကွာက တက်လှိုင်းရွာထဲမှာ တပ်စွဲနေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အောက်တိုဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ တိုက်ပွဲအနည်းငယ် ဖြစ်ခဲ့ပေမယ့် နောက်ရက်တွေမှာတော့ ၂ ဘက်အခြေအနေ စောင့်ကြည့်တဲ့အနေအထားနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ဘုတလင်မြို့နယ်ထဲက ကူတော်ကျေးရွာကို စစ်ကူပေးပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက်မှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးတာတွေနဲ့ ဖမ်းဆီးခံရတာတွေရှိခဲ့ပြီးတဲ့နောက်မှာ ဘုတလင်မြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးလုပ်နေတာလည်းဖြစ်ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သား ၁၄ ဦးလည်း သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အချို့လည်း မီးရှို့ခံရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင် နည်းနဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှာ မဟုတ်သလို၊ စစ်တပ်အနေနဲ့ အကြမ်းဖက်သူတွေကို နှိမ်နင်းဖို့ လိုအပ်တာတွေ ဆက်လုပ်သွားမယ်ဆိုတာ ထပ်အသိပေးကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုတဲ့ ၉ နှစ်ပြည့်တဲ့နေ့မှာ ပြောခဲ့ပါတယ်။ အခုလို နိုင်ငံရေး နည်းနဲ့ပဲ ဆွေးနွေးဖြေရှင်းအဖြေရှာဖို့ စစ်ခေါင်းဆောင်ပြောဆိုနေချိန် မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်တာတွေလုပ်ပြီး အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတာတွေအပေါ်မှာ မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။

စစ်ကိုင်း မကွေး မန္တလေးစတဲ့ဒေသတွေရဲ့ စစ်ဆင်ရေးတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေးတပ်တွေရှိတဲ့ဒေသတွေကို ချေမှုန်းတိုက်ခိုက်တာသာဖြစ်တယ်ဆိုတာကို စစ်ကောင်စီဘက် ခုခံပြောဆိုလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG