ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့်အဖွဲ့ ကိုယ်စားလှယ်တွေ စစ်ကောင်စီနဲ့ တရုတ်နိုင်ငံမှာ ရက်ပိုင်းအတွင်း တွေ့ဆုံဖို့ရှိနေပါတယ်။ တရုတ်နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တရုတ်ဘက်က အခုဒီဇင်ဘာလအတွင်းမှာ တဖွဲ့ချင်းစီ ခေါ်ယူတွေ့ဆုံနေတာဖြစ်ပါတယ်။ တချိန်တည်းမှာ ကချင်နဲ့ တရုတ်နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ဒီနေ့ ပြန်ဖွင့်ပေးလိုက်တယ်လို့ KIA ပြောခွင့်ရက ပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီကြားမှာ တရုတ်စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ်ထဲက ကူမင်းမြို့မှာ အခုရက်ပိုင်းတွေ့ဆုံဖို့ ရှိနေပါတယ်။ ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း MNDAA က ဒီလ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး တဲ့နောက် ခုလိုတွေ့ဆုံမယ်ဆိုတဲ့ သတင်းထွက်လာတာဖြစ်ပါတယ်။ စစ်တပ်နဲ့ ကိုးကန့်အဖွဲ့ ဒီဇင်ဘာ ၁၅ ရက်မှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ တရုတ်- မြန်မာနယ်စပ်က အမည်မဖော်လိုတဲ့ MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်က ပြောပါတယ်။ ကိုးကန့်တဖွဲ့တည်းနဲ့ သီးသန့်တွေ့မှာဖြစ်တယ်လို့ VOA ကို ပြောပြပါတယ်။ MNDAA နဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံမှာ တွေ့ကြမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီဇင်ဘာလဆန်းက ထုတ်ပြန်တဲ့ MNDAA ရဲ့ ကြေညာချက်မှာ ဒီဇင်ဘာလ ၃ ရက်နေ့က စတင်ပြီး သူတို့ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအနှံ့ စစ်တပ်ရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်ဆိုင်းပေးဖို့ လည်း တောင်းဆိုထားပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက် MNDAA က အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်မယ့်အကြောင်းနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ကို လိုလားပေမဲ့ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်ခွင့်ကိုတော့ အရင်အတိုင်း ဆွဲကိုင်ထားမယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက် မှာ ပြောထားပါတယ်။
တရုတ်ဘက်က သူတို့ဆီမှာ ဆေးလာကုနေတယ်လို့ပြောတဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကတော့ လောက်ကိုင်ကို ပြန်ရောက်လာပြီဆိုတဲ့ သတင်းတွေထွက်နေပေမဲ့ MNDAA နဲ့ နီးစပ်သူကတော့ အတည်ပြုချက် မပေးပါဘူး။ တရုတ်က ဖုန်တာရွှင်ကိုထိန်းသိမ်းထားပြီး စစ်ကောင်စီနဲ့ဆွေးနွေးဖို့ ဖိအားပေးတဲ့ သဘောလည်း ယူဆမှုတွေရှိပါတယ်။
MNDAA နဲ့ နီးစပ်သူ သတင်းရင်းမြစ်က ဒီလအတွင်းမှာ တရုတ်နိုင်ငံက တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တဖွဲ့ချင်းအလိုက် တွေ့ဆုံတာတွေရှိခဲ့ကြောင်း ပြောပါတယ်။ အာရက္ခတပ်တော် AA နဲ့ တရုတ်အစိုးရဘက်က ဒီဇင်ဘာလ ၁ ရက်နေ့က ထိန်ချုံးမြို့မှာ တွေ့ဆုံပြီး ဒီဇင်ဘာလ ၃ ရက်နေ့ကတော့ UWSA ဝအဖွဲ့ ၊ ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ TNLA တအာင်းအဖွဲ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ KIA ကချင်အဖွဲ့နဲ့ ကူမင်းမှာ တွေ့ဆုံခဲ့တယ်လို့ တွေ့ဆုံပွဲတွေအကြောင်းသိထားသူက ပြောပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကချင်ကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်အရ ဒီလ ဒီဇင်ဘာ ၈ ရက်နေ့က တရုတ်နိုင်ငံကို သွားနေပါ တယ်။ ဒီကိုယ်စားလှယ်အဖွဲ့မှာ ဗိုလ်ချုပ်ဂွမ်မော်ပါ ပါသွားပါတယ်။ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့အဖွဲ့ ဟာ ဒီကနေ့ သောကြာနေ့ နေ့လယ်ပိုင်းအထိတော့ ဌာနချုပ် လိုင်ဇာကို ပြန်မရောက်သေးကြောင်းနဲ့ ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၂ ရက်က ကူမင်းမြို့မှာ ပြုလုပ်တယ်လို့သိရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“အဲဒါက ပြန်မလာကြဘူး။ ဆွေးနွေးပွဲကတော့ မနေ့က လုပ်တယ်လို့တော့ပြောတယ်။ ဟို ခွန်းမင် (ကူမင်း) မှာပါ။”
တရုတ်နဲ့ ကချင်ကိုယ်စားလှယ်အဖွဲ့ကြား ဒီခရီးစဉ်အတွင်း ဘာအကြောင်းအရာတွေ ဆွေးနွေးနေတယ် ဆိုတာတော့ မသိရသေးဘူးလို့ ပြောပါတယ်။
နိုင်ငံရေးသုံးသပ်သူတွေကတော့ KIO ဥက္ကဌဋ္ဌနဲ့ အဖွဲ့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ (CPPCC) အဖွဲ့ဝင် Wu Ken နဲ့တွေ့ဆုံနိုင်ခြေရှိပြီး နယ်စပ်ကုန်သွယ်ရေးကိစ္စတွေကို အလေးထား ဆွေးနွေးနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ အခုလို KIO ဥက္ကဋ္ဌနဲ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးပြီး တဲ့နောက်မှာတော့ ကချင်ပြည်နယ်အတွင်းက တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ နယ်စပ် ဂိတ်တွေ ပြန်ဖွင့်တဲ့အခြေအနေကိုတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။
“ဂိတ်တွေ ဖွင့်တာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တံခါးတွေဖွင့်တာ၊ ဝါးလုံးကြီးတွေ ဘာတွေဖြုတ်တာ အဲလောက်ပါပဲ။ ဟို လူတွေ ဝင်ထွက်လို့တော့ မရဘူးလို့ ပြောတယ်။ ကားတွေလည်း ဝင်ထွက်လို့တော့ မရဘူးလို့ ပြောတယ်။ ဒီနေ့ပဲ အကြောင်းကြားတယ်လို့ ပြောတာပဲ။ ဖွင့်ဖို့ အကြောင်းကြားတာပေါ့။”
လောလောဆယ် တရုတ်-မြန်မာနယ်စပ်ဂိတ်တွေထဲက ပန်ဆန်းနဲ့ မိုင်းလားမှာတော့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာရှိနေပြီး ကိုးကန့်နဲ့ တခြား ဝ ဒေသဘက်က ဂိတ်တွေကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။ အခုလို တရုတ်နဲ့ KIO ကချင်ခေါင်းဆောင်တွေ တွေ့ဆုံနေကြချိန်မှာပဲ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေကတော့ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်ရဲစခန်း၊ ထွေအုပ်ရုံးအပါအဝင် မြို့ရဲ့ ၄ ပုံ ၃ပုံခန့်ကို ထိန်းချုပ် ထားပြီး စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၂၁ နဲ့ ခလရ ၄၇ မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဖော်ပြကြပါတယ်။ KIA ဘက်က ဗန်းမော်မြို့ကို သိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ တိုက်ပွဲဟာ ဒီနေ့ဆိုရင် ၁၀ ရက်ရှိသွားပါပြီ။ ကချင်ပြည်နယ် တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Forum