ထိုင်းနယ်ထဲမှာ ရောက်နေတဲ့ ဝနီခေါ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့တွေ ဆုတ်ခွာရေး ဆက်ပြီး စေ့စပ်ညှိနှိုင်းနေဆဲဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံ အမှတ် ၃ ဒေသ စစ်တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး Kittipong Jamsuwan ပြောဆိုတာကို ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရဲ့ စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ရုတ်သိမ်းပေးဖို့ ထိုင်းစစ်တပ်က တောင်းဆိုခဲ့ပါတယ်။ ဝ တပ်ဖွဲ့တွေရဲ့ စခန်းချထားတဲ့နေရာတွေဟာ ထိုင်းနိုင်ငံပိုင်နယ်အဖြစ် အငြင်းပွားနေတဲ့ နယ်မြေ ၇ ခုမှာ ဖြစ်တဲ့အတွက် ဆုတ်ခွာပေးရမယ်လို့ ထိုင်းစစ်တပ်က တောင်းဆိုထားပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ လမ်းဖွင့်ပေးထားပြီး စစ်ရေးအရ ဖြေရှင်းတာကို နောက်ဆုံး မဖြစ်နိုင်တဲ့ အခြေအနေမှ ရွေးချယ်မှာဖြစ်တယ်လို့လည်း ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီးက ကြေညာချက်ထုတ်ပြန်ပါတယ်။ အဆင့်တိုင်းမှာ ညှိနှိုင်းဆွေးနွေးနေတယ်လို့လည်း ပြောဆိုပါတယ်။
USWA ဝ လက်နက်ကိုင် အဖွဲ့ ပြောခွင့်ရကတော့ ထိုင်းစစ်တပ်က ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့နေရာတွေဟာ UWSA နှစ်ပေါင်း သုံးဆယ်လောက် အခြေချနေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ VOA ကို ပြောဆိုထားပါတယ်။ စခန်းတွေ ဖယ်ပေးဖို့ တောင်းဆိုတာကို အတည်ပြုပြီး၊ ဒီကိစ္စဟာ နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့်ကိစ္စဖြစ်ကြောင်းလည်း VOA ကို ပြောဆိုပါတယ်။
Forum