ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာအခြေစိုက်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA ရဲ့ ၁၇၁ စစ်ဒေသက တပ်စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံး ထားဖယ်ရှားဖို့ ထိုင်းနိုင်ငံဘက်က တောင်းဆိုထားပါတယ်။ UWSA ကတော့ ဒီကိစ္စဟာ နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့်ကိစ္စဖြစ်ကြောင်းနဲ့နိုင်ငံ့ခေါင်းဆောင်ပိုင်းကို တင်ပြထားကြောင်း UWSA ပြောခွင့်ရသူက ပြောပါတယ်။ ထိုင်း- မြန်မာနယ်စပ်ဒေသက ၀တပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံအကြား လက်ရှိဖြစ်ပွားနေတဲ့အခြေအနေကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAရဲ့ ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အခြေစိုက်တဲ့ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသဟာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းက စတင် တည်ထောင်ခဲ့တာပါ။
ဒီရက်ပိုင်းမှာတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်နဲ့ထိစပ်နေတဲ့ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသက တပ်စခန်းအချို့ ကိုဖယ်ရှားဖို့ ထိုင်းတော်ဝင်တပ်မတော်ကတောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက VOA ကို အခုလို ပြောပါတယ်။
“ကျနော်တို့ ဝပြည်တောင်ပိုင်း ၁၇၁ ဧရိယာအတွင်းက တပ်စခန်း ၉ ခုကို ဖယ်ခိုင်းထားတာတော့ မှန်ပါတယ်။ ဒီလိုကိစ္စရပ်မျိုးက ကျနော်တို့နဲ့ပဲမပြီးဘူးလေ။ နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့် ကိစ္စရပ် ဖြစ်တယ်ပေါ့နော်။ ကျနော်တို့လည်းနိုင်ငံတော်ခေါင်းဆောင်ပိုင်းတွေကို သတင်းပို့ပြီးလည်း ဖြစ်တယ်ပေါ့။ ထိုင်းဘက်ကတော့ အင်အားတိုးတယ်လို့ သိရတယ်။ ကျနော်တို့ဘက်ကတော့ ပုံမှန် အခြေအနေပါပဲ။"
နိုဝင်ဘာ ၁၈၊ ၁၉ မှာလည်း ထိုင်းတော်ဝင်စစ်တပ် အရာရှိတွေနဲ့ UWSA ရဲ့ အရာရှိတွေဟာ လူကုန် ကူးမှု၊ တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအပါအဝင် ထိုင်းနိုင်ငံရဲ့ နယ်မြေအပေါ် UWSA ရဲ့ ကျူးကျော်နေမှုကိုဖယ်ပေးဖို့ဆွေးနွေးခဲ့ကြကြောင်းလည်း ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ်ရှိ UWSA တပ်စခန်း အနည်းဆုံး ၇ ခုကိုဖယ်ရှားဖို့ ထိုင်းနိုင်ငံဘက်က ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးတွေမှာ ယခင်ကလည်း တောင်းဆိုတာတွေ ရှိခဲ့ဖူးပါတယ်။
Forum