တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုအရ MNDA ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား တရားဝင် အပစ်အခတ်ရပ်စဲရေး ရရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ ဇန်နဝါရီ လလယ်ကစ ငြိမ်းချမ်းရေးအတွက် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးနေရာမှာ၊ အပစ်အခတ်ရပ်စဲဖို့ ၂ ဖက် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြပြီး၊ ဇန်နဝါရီလ ၁၈ ရက်၊ စနေနေ့မှာ စတင်အသက်ဝင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ပေကျင်းမြို့တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဆိုင်းလိုက်ပြီလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နိုင်ငံနယ်စပ် တင်းမာမှုတွေ လျှော့ချရေးဟာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ အားလုံးရဲ့ အကျိုးအတွက် ဖြစ်တဲ့အကြောင်း ပြောဆိုသွားပေမဲ့ အသေးစိတ် သဘောတူညီချက်တွေကိုတော့ ထုတ်ဖေါ် ပြောဆိုခြင်း မရှိပါဘူး။ အပစ်အခတ် ရပ်စဲရေး ရရှိခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီကရော၊ ကိုးကန့်တပ်ဖွဲ့ကပါ တစုံတရာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ဆုံခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ အတွင်းမှာ နောက်တကြိမ် တွေ့ဆုံဖို့ MNDAA နဲ့ စစ်ကောင်စီ သဘောတူခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ကြားဝင်စေ့စပ်ပေးတဲ့ ပြီးခဲ့တဲ့နှစ်ဆန်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ဇွန်လလောက်မှာ ပျက်ပြားခဲ့ပါတယ်။
Forum