တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေတွေ့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံပြီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
အစောပိုင်းက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူထားပေမဲ့ ဆွေးနွေးပွဲကို ဒီနေ့မှာ စတင်တာပါ။ ဆွေးနွေးပွဲ အစီအစဉ်နဲ့ ဆွေးနွေးတဲ့အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။
လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီကြားမှာ တရုတ်နိုင်ငံ ကြားဝင် စီစဉ်ပေးမှုနဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒီလထဲမှာ နောက်တကြိမ် တွေ့ဆုံဖို့ သဘောတူခဲ့တာပါ။ ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာလည်း တရုတ်ကိုယ်စား လှယ် တချို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့တခေါက်ဆွေးနွေးပွဲမှာ MNDAA သိမ်းထားတဲ့လားရှိုးမြို့ကို အရင်ပုံစံအတိုင်းထားရှိနိုင်ဖို့နဲ့ ကိုးကန့်တပ်တွေပြန်လည်ဆုတ်ခွာနေရာချရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီးပွားရေးပြန်ထူထောင်ဖို့ စတာတွေဆွေးနွေးကြဖို့ တရုတ် ကိုယ်စားလှယ်တွေဘက်က စီစဉ်ပေးထားခဲ့တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း သဘောတူညီချက် မရသလို ဆွေးနွေးပွဲ အဆင်မပြေဖြစ်ခဲ့တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီတခေါက်ထပ်တွေ့ဆုံတဲ့ဆွေးနွေးပွဲမှာ ပထမတကြိမ်ကလို တရုတ်စီစဉ်ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ဆက် ဆွေးနွေးမလား၊ ခေါင်းစဉ်အသစ်ဆွေးနွေးမလား ဆိုတာ အတိအကျ မသိရသေးပါဘူး။
Forum