သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ် -မန္တလေး ရထားလမ်းဒေသ တလျှောက် ဗုံးကြဲခံရမှု လပိုင်းအတွင်း လူ ရာချီ သေဆုံး 


လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)
လားရှိုးမြို့လေကြောင်းဗုံးကြဲခံရအပြီးမြင်ကွင်း (စက်တင်ဘာ ၃၀၊ ၂၀၂၄)

တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ မြို့နယ်တွေကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် နှစ်လအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ တိုက်ခိုက်နေတဲ့ မြို့တွေဟာ တရုတ်ဝန်ကြီးချုပ် Li Qiang နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံအပြီး စီမံကိန်းစတင်ဖို့ ကြေညာထားတဲ့ နေရာတွေလည်း ဖြစ်ပါတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့်တရုတ်အစိုးရက ဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ မူဆယ်-မန္တလေး ရထားလမ်း ဖြတ်သန်းသွားတဲ့ မြို့တွေမှာ နှစ်လအတွင်း အရပ်သား ၂၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ဒီနေ့ ဒီဇင်ဘာလ၂၀ ရက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုဝင်ဘာလ ၆ ရက် တရုတ်ခရီးစဉ်အပြီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်မီးရထား စီမံကိန်း အဆိုပြုထားတဲ့ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး များလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့တွေက ပြောပါတယ်။ ဒီနေရာတွေဟာ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်း ဖြတ်သန်းသွားတဲ့ မူဆယ်၊ ကွတ်ခိုင်၊ သိန္ဒိ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နန့်ဆန်၊ ကွတ်ခိုင်၊ မိုးကုတ် စတဲ့မြို့နယ်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေက အရပ်သား ပစ်မှတ်တွေဖြစ်နေသလို ဒီမြို့နယ်တွေဟာ တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်ထားတဲ့ မြို့တွေလည်း ဖြစ်နေပါတယ်။ စစ်ကောင်စီ ဗုံးကြဲနေတဲ့ ရည်ရွယ်ချက်ကတော့ စစ်ကောင်စီဟာ သူ့ရဲ့ အရေးပါမှုကို တရုတ်ကို ပြသချင်တာဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဗွီအိုအေကို ပြောပါတယ်။ တရုတ်အစိုးရကလည်း ဒါကြောင့်ပဲ ငြိမ်းချမ်းရေးလုပ်ဖို့ ဖိတ်ခေါ်ပြီး မြန်မာကိစ္စကို ဖိအားပေးလာကြောင်း သူကပြောပါတယ်။

"အဓိကတော့ (စစ်ကောင်စီ) သူတို့ရည်ရွယ်ချက်က တရုတ်ကို ဒီနယ်မြေမှာ စစ်ကောင်စီအနေနဲ့ ဒီလိုဗုံးကြဲနိုင်တယ်၊ ဒီနယ်မြေတွေကို ခြိမ်းခြောက်မှု လုပ်ထားနိုင်တယ်ပေါ့၊ တကယ်လို့ (တရုတ်အနေနဲ့) ဒီစီမံကိန်းကို ပြန်စချင်တယ်ဆိုရင် တရုတ်က စစ်ကောင်စီနဲ့ ညှိနှိုင်းရမယ်၊ ပြောဆိုရမယ်ဆိုတဲ့ ပုံစံမျိုး သူတို့ message ပေးချင်လို့ တိတိပပကို လုပ်တယ်လို့ ထင်တယ်။ ဒီ (မီးရထားလမ်း) စီမံကိန်းက BRI စီမံကိန်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်ဆိုတော့ သူတို့အတွက်ကတော့ ဒီစီမံကိန်းတွေဖြစ်လာဖို့ အမြန်ဆုံး ကြိုးစားမှာပဲရှင့်။ အခုက ဘယ်လိုတုံ့ပြန်လာနိုင်လဲဆိုတော့ တရုတ်ဘက်က ဖိအားပေးဖို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စဖြစ်နေတာပေါ့နော်။ တရုတ်က သူတို့စီမံကိန်းကို ပြန်ကြည့်ပြီးမှ TNLA ဘက်ကရော၊ MNDAA ဘက်ကရော ငြိမ်းချမ်းရေး ဆွေးနွေးပါမယ်လို့ ပြောရတဲ့အထိ ဖြစ်နေတာပေါ့နော်။"

တချို့နေအိမ်နဲ့ ဘာသာရေး အဆောက်အဦတွေပေါ်ကို ပေါင် ၅၀၀ ဗုံးတွေအထိ ကြဲချခဲ့တယ်လို့ ပြောပါတယ်။ တရုတ်အစိုးရရဲ့ မီးရထားစီမံကိန်းမှာ အပိုင်း၂ ပိုင်း ပါဝင်ပါတယ်။ ပထမတပိုင်းက တရုတ်နယ်စပ် ရှမ်းမြောက်မူဆယ်မြို့ကနေ မန္တလေးအထိ ဖြစ်ပါတယ်။ ဒုတိယတပိုင်းကတော့ မန္တလေးကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ဖြစ်ပါတယ်။ ကီလိုမီတာ ၄၀၀ ကျော်ရှည်ပြီး အမေရိကန်ဒေါ်လာ ၉ဘီလီယံနီးပါး အကုန်အကျခံပြီး တရုတ်က ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ဒီမီးရထားလမ်းတလျှောက် စီမံကိန်းတွေအတွက် လိုအပ်တဲ့လျှပ်စစ်ရဖို့ ဓာတ်အားပေးစီမံကိန်းတွေကိုလည်း တရုတ်ကုမ္မဏီတွေကပဲ လုပ်ကိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။ တရုတ်ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ကျောက်ဖြူအထိ ချိတ်ဆက်တဲ့ အဆိုပါ ရထားလမ်းစီမံကိန်းကို တရုတ်အစိုးရက ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်အစိုးရဆီ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG