တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ထဲက MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမြို့မှာတွေ့ဆုံနေတဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတွေကို အသုတ်လိုက် ခွဲပြီး ပြန်လွှတ်ပေးဖို့ MNDAA ဘက်က သဘောတူလိုက်တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ ဒါပေမဲ့လည်း MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပြန်ပေးရေးကိစ္စနဲ့ အခွန်ကိစ္စတွေမှာ သဘောတူညီချက်မရဘဲ ရလဒ်တစုံတရာ မထွက်ဘူးလို့လည်း ပြောပါတယ်။ ဒီ သတင်းပေးပို့ချက်ကို ပြောပြပါမယ်။
ကိုးကန့် အဖွဲ့ကိုယ်စားလှယ်အဖွဲ့ရော၊ စစ်ကောင်စီ ကိုယ်စားလှယ်တွေရော တရုတ်နိုင်ငံ ကူမင်းမြို့မှာ သောကြာနေ့ အထိ ရှိနေတုန်းပဲလို့ အမည်မဖေါ်လိုတဲ့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က VOA ကို အတည်ပြုပါတယ်။
တရုတ်က စီစဉ်ပေးတဲ့ ဆွေးနွေးပွဲမှာ ပြည်ပ မီဒီယာတွေ သတင်းယူခွင့် မရှိသလို ဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း တရားဝင် ထုတ်ဖေါ်ပြောတာ မရှိပါဘူး။ MNDAA နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ဒီတခေါက်မှာလည်း ကိုးကန့်ဘက်ကတော့ ဖုန်တာရွှင်ရဲ့ သားဖြစ်သူ နိုင်ငံခြားဆက်ဆံရေးဌာနကြီးမှူး ဖုန်ခွင်းနဲ့ ၇ ဦး အစည်းအဝေးကို တက်ရောက်တယ်လို့ VOA ကို ပြောပါတယ်။ စစ်ကောင်စီဘက် ကတော့ ပြီးခဲ့တဲ့အခေါက်က တက်ရောက်ခဲ့တဲ့ အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်တက် ရောက်ပြီး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့ပြီး ၂၀၂၅ ဇန်နဝါရီ အတွင်းမှာ နောက်တကြိမ် တွေ့ဆုံဖို့ MNDAA နဲ့ စစ်ကောင်စီ သဘောတူခဲ့ကြတာပါ။
စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့တွေအနေနဲ့ အရင်က အထူးဒေသ ၁ ရှိခဲ့တဲ့ အတိုင်း ပြန်အခြေစိုက်ဖို့နဲ့ ကုန်သွယ်ရေး ပြန်စဖို့ စစ်သုံပန်းတွေပြန်လွှတ်ဖို့ စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမည်မဖေါ်လိုတဲ့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။
စစ်ကောင်စီတောင်းဆိုထားတဲ့ စစ်သုံ့ပန်းတွေစိစစ်ပြီးအသုတ်လိုက်လွှတ်ပေးဖို့ ကိုးကန့် ကိုယ်စားလှယ်တွေက သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ကိုးကန့် အထူးဒေသ ၁ အနေနဲ့ ဆက်ရပ်တည်ဖို့၊ ကုန်သွယ်ရေး စဖို့နဲ့ အခွန်ကိစ္စတွေနဲ့ ပတ်သက်လို့ သီးခြား ထပ်ဆွေးနွေးဖို့ တုံ့ပြန် ပြောဆိုခဲ့တဲ့အကြောင်း MNDAA နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အသေးစိတ်ကို မပြောပေမဲ့ ညှိနှိုင်းလို့ မရဘဲ ပြီးဆုံးသွားတယ်ဆိုတာကိုတော့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့သူက အတည်ပြု ပြောဆိုပါတယ်။
ပြီးခဲ့တဲ့အခေါက်ဆွေးနွေးပွဲမှာလည်း MNDAA သိမ်းထားတဲ့လားရှိုးမြို့ကို အရင်ပုံစံ အတိုင်း ပြန်ထားဖို့နဲ့ ကိုးကန့်တပ်တွေ ပြန်လည်ဆုတ်ခွာနေရာချရေးနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်နိုင်ရေး ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ်ကိုယ်စားလှယ်တွေ စီစဉ်ပေးခဲ့ပါတယ်။ ဒီတခေါက်ထပ်တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ပထမတကြိမ်ကလို တရုတ်စီစဉ်ပေးထားတဲ့ ခေါင်းစဉ်အတိုင်း ဆက် ဆွေးနွေးတာလား ထပ်တိုး ခေါင်းစဉ်အသစ်နဲ့ဆွေးနွေးခဲ့သေးလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိခဲ့ရပါ ဘူး။
MNDAA က ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် အခုလိုတွေ့ဆုံပွဲ တွေဖြစ်လာခဲ့တာပါ။ MNDAA ရဲ့ ကြေညာချက်မှာ သူတို့ဘက်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်မှာ မဟုတ်ကြောင်း၊ တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်မယ်လို့ ယူဆကြောင်း ထုတ်ပြန်ထားပါတယ်။ နောက်ပြီး မြန်မာနိုင်ငံအနှံ့ စစ်တပ်ရဲ့ ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုထားခဲ့သလို ဒီတခေါက်မှာလည်း ဝေဟင်လေကြောင်း တိုက်ခိုက်မှုတွေနဲ့ပတ်သတ်လို့ ကိုးကန့်ဘက်က ကန့်ကွက်ပြောဆိုခဲ့တာရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်စစ်ကောင်စီဘက်က သဘောထားမှတ်ချက်တစုံတရာ ပေးတာမျိုး မရှိဘူးလို့ အမည်မဖေါ်လိုတဲ့ သတင်းရပ်ကွက်က ပြောပါတယ်။ MNDAA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီဘက်က လေကြောင်းက တိုက်ခိုက်နေတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဘယ်လို အချက်တွေရှိမှသာ ဆွေးနွေးပွဲတွေအောင်မြင်နိုင်မယ်၊ ရလဒ်ကောင်းတွေ ထွက်လာနိုင်တယ်ဆိုတာကို အခုလို သုံးသပ်ပါတယ်။
"ဆွေးနွေးပွဲမအောင်မြင်တာကတကယ်တော့ တဖက်နဲ့တဖက်လျှောက်နေတဲ့လမ်း လိုချင်တာတွေ ပြဒါးတလမ်း သံတလမ်း ဖြစ်နေတော့ ဆွေးနွေးပွဲတွေကအောင်မြင်ဖို့မလွယ်ပါဘူး။ ဒီကြားထဲမှာစေ့စပ်ပေးတဲ့တရုတ်အစိုးရကိုယ်တိုင်ကလည်း ပဋိပက္ခပြေလည်ရေးမဟုတ်ဘဲ နဲ့ သူ့အကျိုးစီးပွား ပြေလည်ရေးကိုဘဲ ဦးတည်နေတာဆိုတော့ ပိုဆိုးတာပေါ့ ၂ဖက်စလုံးက တူညီတဲ့ဘုံအကျိုးစီးပွား၊ တူညီတဲ့ရပ်တည်ချက် အပေါ်မှာအဖြေရှာရင်တော့ ရလဒ်ကတခုခုထွက်နိုင်တယ်။ ဥပမာနယ်စပ်ကုန်သွယ်ရေးပြန်စဖို့ကိစ္စလိုပေါ့။ ဒါကလည်းတခြားလိုလားချက် တွေ နဲ့ချိတ်ဆက်ထားတာဆိုတော့ရပ်တည်ချက်မတူတာရယ် သဘောထားအမြင်မတူတာရယ်ကြောင့် ဖြစ်နိုင်ဖို့ခက်ပါတယ်။ အကျိုးစီးပွား ရပ်တည်ချက်ရယ်အလျှော့အတင်းမလုပ်နိုင်သရွေ့တော့ အလုပ်ဖြစ်မယ်မဟုတ်ပါဘူး။ အဓိကဖြစ်တဲ့တရုတ်အပါအဝင် သက်ဆိုင်သူတွေအားလုံးသိသင့်တာကတော့ ဆွေးနွေးပွဲတွေမအောင်မြင်တာက အဖြေတခုကိုပေးနေတယ်။ အဲဒါကကိုရလဒ်တခုဖြစ်နေတယ် ဆိုတာပါပဲ။"
ဆွေးနွေးပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုံ့ပြန်တာ မရှိခဲ့ပါဘူး။ ဆွေးနွေးပွဲအတွင်းက အချက်အလက်တွေ မှန်မမှန်ကို VOA အနေနဲ့ သီးခြားအတည်ပြုရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ရှမ်းမြောက်ဒေသ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေ ရှိနေချိန်မှာ တရုတ်ဘက်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ လားရှိုးကို သိမ်းထားတဲ့ ကိုးကန့်တပ်တွေအပေါ် ဖိအားပေးခဲ့တဲ့အတွက် အခုလို ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာဆိုပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့ကလည်း ရှုမြင်ထားကြောင်းပါ။
Forum