တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့မွန်းလွဲပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ဦးထက်မနည်း သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့တုန်းကလည်း နောင်ချိုမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ နောင်ချိုမြို့မှာ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရတဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
နောင်ချိုမြို့မှာ ဒီနေ့ စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ချိန်မှာ နောင်ချိုမြို့ ရဲစခန်းနဲ့ အနီးနားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ပေါ်ကို ဗုံးကျခဲ့လို့ အရပ်သားတွေ ထိခိုက်၊ သေဆုံးခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ နေ့လည် ၁၁ နာရီဝန်းကျင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မျက်မြင်သက်သေ ဒေသခံတယောက်က VOA ကို ပြောပါတယ်။
"ပါရမီ ၂ လက်ဖက်ရည်ဆိုင်ကို ကြဲသွားတာ။ သူက မိန်းလမ်းမပေါ် ဘေးကပ်လျက်ဆိုတော့ လက်ဖက်ရည်သောက်တဲ့သူ၊ ဆိုင်ထိုင်တဲ့သူတွေနဲ့ ခရီးသွားတွေနဲ့။ အဲဒီနားက မြို့အလယ်ခေါင် တည့်တည့်ဆိုတော့။ လူကတော့ ဆိုင်ရှင်လင်မယား ၂ ယောက်သေတယ်။ စားပွဲထိုး ယောကျ်ားလေး ၁ ယောက်၊ မိန်းကလေး ၁ ယောက်သေတယ်။ ကျန်တာကတော့ သောက်သုံးသူတွေကတော့ ၄ ယောက်လောက်သေတယ်။ သေတာကတော့ ၈ ယောက်လို့တော့ကြားတယ်။ ကျန်တာကတော့ ပြင်းထန်ဒဏ်ရာ ရကြတာပေါ့။"
ဇန်နဝါရီလ ၂၁ ရက်၊ မနေ့တုန်းကလည်း နေ့လည် ၂ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲချလို့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးအပါအဝင် ဒေသခံနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးဒဏ်ကြောင့် အရပ်သား ၁ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူ ၂ ဦးရှိခဲ့ပါတယ်။ မနေ့တုန်းကလည်း ရဲစခန်းအနီးနားမှာ ဗုံးကြဲခံရတာလို့ ဒေသခံနောက်တဦးက ဗွီအိုအေကို ပြောပါတယ်။
"ဆိုင်ရှင်မိသားစုရယ်၊ မြို့နေလူထုပဲ ရှိတာပါ။ ဒါ စျေးအတွင်းလမ်းပိုင်း ဆိုင်ဆိုတော့။ ရဲစခန်းနဲ့က ကိုက် ၁၀၀ ကျော်၊ ၂၀၀ လောက်ပဲဝေးတာ။ မနေ့က ဖြစ်သွားတာလည်း အဲဒီရဲစခန်း ဧရိယာထဲပဲ။"
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းက လေကြောင်းကနေ မကြာခဏ တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ အခု ၂၀၂၅ နှစ်ဆန်းပိုင်းမှာတော့ ဇန်နဝါရီလ ၂၁ နဲ့ ၂၂ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်အတွင်း အရပ်သား ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ ပုံတွေနဲ့ အဆောက်အဦးတွေ ပျက်စီးသွားတဲ့ ပုံတွေ အများအပြား လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပြီး ထိခိုက်ဒဏ်ရာရသူ စာရင်း အတိအကျကို VOA အနေနဲ့ သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Forum