ကရင်နီပြည်နယ်လို့ ဒေသအခေါ် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်း စစ်ရှောင်စခန်းတခုမှာ ဇန်နဝါရီလ ၁၅ ရက်နေ့ မနေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တ့အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့နေရာတွေမှာ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲနေတယ်ဆိုပြီး ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြပါတယ်။ ဒီအကြောင်း နောက်ဆုံးရအခြေအနေကို သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွိုင်ကော်မြို့ကို ရောက်ရှိနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဇန္နဝါရီလ ၁၅ ရက်နေ့က အရပ်သားပြည်သူတွေ နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ပိုင်း ဒေါဆိုခူကျေးရွာ ယာယီစစ်ဘေးရှောင်စခန်းပေါ်ကို ဗုံးကြဲခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ဘေးရှောင်စခန်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“ဒေါဆိုခူဆိုတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးလာကြဲတယ်ပေါ့နော်။ အဲ့မှာ ပွဲချင်းပြီ ၂ဦးပေါ့နော် သေဆုံးတယ်၊ ၁ဦးကတော့ ဒဏ်ရာရပြီးတော့မှ ကျနော်တို့ ဆေးရုံမှာ ထပ်ဆုံးတယ်ပေါ့နော်၊ အားလုံးပေါင်းရင် ၃ဦးဖြစ်တယ်။ ထိခိုက်ဒဏ်ရာရ ၄ဦး ကျန်သေးတယ်ပေါ့နော်။ အဲ့ဒီမတိုင်မီကတော့ ၁၀နာရီခွဲဝန်းကျင်မှာ ဒီးမော့ဆို အရှေ့ခြမ်းမှာပဲ ကျေးရွာတစ်ရွာအနားကိုလည်း ဗုံးကြဲတယ်ပေါ့နော်။ ၁၀နာရီခွဲတစ်ခေါက်ရယ် ၁၂ခွဲတစ်ခေါက်ပေါ့နော်။ အဲ့ဒီဒေသက စစ်ပွဲမဖြစ်ဘူး။ တိုက်ပွဲမရှိဘူး။ ”
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။
“ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဒီးမော့ဆို ဒေါဆိုခူကျေးရွာမှာ ပြည်သူ ၂ ဦးပွဲချင်းပြီ သေဆုံးတယ် နောက် ၁ဦးကတော့ ဆေးကုသမှုခံယူနေရင်းနဲ့ သေဆုံးသွားတယ်ပေါ့နော်။ ကျန်တဲ့ ဒီ ၄ဦးကတော့ ထပ်မံပြီးတော့ ထိခိုက်ဒဏ်ရာရတာရှိတယ်။”
အသက် ၃၁ နှစ်အရွယ် အမျိုးသား ၁ဦး၊ အသက် ၃၈ နှစ်အရွယ်အမျိုးသမီး ၁ဦးနဲ့ အသက်(၆၀) အရွယ်အမျိုးသမီး ၁ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပြီး အသက် ၁၈ နှစ်ကနေ ၇၅ နှစ်အရွယ်ကြား ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပြပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတဲ့ ဒေါဆိုခူကျေးရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး လူဦးရေ ၃၀၀ ရှိပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ရွာသူရွာသားနဲ့ စစ်ဘေးရှောင်တွေက အသက်အန္တရာယ် လုံခြုံရေးအခြေအနေ စိုးရိမ်နေကြတဲ့အကြောင်း (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။
“အခုလို ဗုံးကြဲတိုက်ခိုက်တာကတော့ စစ်ကောင်စီ ဒုတိယစစ်ခေါင်းဆောင်စိုးဝင်း လွိုင်ကော်ကို ရောက်နေတဲ့ အချိန်လည်း ဖြစ်တယ်ပေါ့နော်၊ စစ်ခေါင်းဆောင်က လွိုင်ကော်ကို လာတာဖြစ်ဖြစ် ကရင်နီပြည်ကို လာတာဖြစ်ဖြစ် အမြဲတမ်းလေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိတယ်၊ အထူးသဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လေ့ရှိတယ်။”
ဒေသခံ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့ကတော့ လွိုင်ကော်မြို့မှာ ကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ပြီး ညစာစားပွဲကျင်းပနေတဲ့ ပြည်နယ်ခန်းမထဲကို ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့ပြည်နယ်ခန်းမကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ အပါအဝင်း စစ်ကောင်စီတပ်စခန်းတွေကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို၊ ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိ အနေအထားတွေနဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်ရဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
Forum