ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ် ပီကင်းရွာ ဈေးနားကို ခန့်မှန်း ပေါင် ၅၀၀ (သို့) ပေါင် ၂၀၀ ဗုံး မနေ့က ကြဲခဲ့တာကြောင့်၊ အသက် ၇၀ ကျော်အမျိုးသမီးနဲ့ အသက် ၂၀ အရွယ်တစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောလိုက်တာပါ။
မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီ ထိုးစစ်ကြောင့် ကရင်နီတပ်တွေနဲ့ တိုက်ပွဲဖြစ်လာချိန်၊ မိုင် ၂၀ ဝေးပြီး တိုက်ပွဲမရှိတဲ့ ဖယ်ခုံဘက်ကို အခုတိုက်ခိုက်မှုကြောင့် အရပ်သားဒဏ်ရာရတာအပြင် အိမ်၊ ကားနဲ့ ဈေးတန်းတချို့လည်း ပျက်စီးသွားတယ်လို့ KNDF ကရင်နီတပ်က ပြောပါတယ်။
KNDF ကရင်နီ အမျိုးသားကာကွယ်ရေးတပ် ပြန်ကြားရေးထာဝန်ခံ တာအယ်စိုးက “ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာမှာ စစ်ကောင်စီက ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။ ပေါင် ၅၀၀ နဲ့ ဗုံးလာကြဲသွားတာ ပြည်သူ ၂ ဦး ထိခိုက်တယ်လို့ ကနဦး သတင်းရရှိတယ်ပေါ့နော်။”
ဖယ်ခုံမြို့နယ်အနောက်ပိုင်းမှာရှိတဲ့ ပီကင်းကျေးရွာဟာ ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ နေရာတခု ဖြစ်တယ်လို့ တာအယ်စိုးက ဆက်ပြောခဲ့ပါတယ်။
အရင်တုန်းကလည်း ဖယ်ခုံက လအိကျေးရွာ ဘန်ကောက်စစ်ရှောင်စခန်းကိုလည်း ၂ ကြိမ် လပိုင်းခြားပြီး စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနောက်ဆုံး တိုက်ခိုက်မှုအပေါ် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရသေးပါ။
Forum