သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲပတ်ဝန်းကျင် စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်နေ


စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)
စစ်ပြေးဒုက္ခသည်များ (Photo: မိုးဗြဲ PDF)

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းခွဲပြီး မိုးဗြဲမြို့ပေါ်ကို ချီတက် ထိုးစစ်ဆင် လာတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်လာတယ်လို့ ဆိုပါတယ်။ မိုးဗြဲတိုက်ပွဲ နောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတဲ့နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်း သုံးကြောင်းခွဲပြီး ကယား (ကရင်နီ) ပြည်နယ်နဲ့ကပ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ကို တပြိုင်တည်းချီတက် ထိုးစစ် ဆင် တိုက်ခိုက်လာနေပါတယ်။ မိုးဗြဲမြို့နဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းအဖွဲ့ တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီကတော့ မိုးဗြဲမြို့ထဲကိုပေါ့နော်၊ စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးလာပါတယ်။ မိုးဗြဲမြို့ထဲမှာပဲ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ အဓိက မြေပြင် တွေမထိုးခင်မှာ လက်နက်ကြီးတွေ အရင်ပစ်ခတ်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ အရင်လုပ်တယ်။ ပြီးတော့မှ ဒရုန်းတွေ သုံးပြီးတော့ တိုက်ခိုက်တာတွေ ပြုလုပ်တာရှိပါတယ်။ ခုလောလောဆယ်တော့ မိုးဗြဲမြို့ ထဲမှာရော မြို့ပတ်ဝန်းကျင်တွေမှာရော တိုက်ပွဲတွေ ဖြစ်နေပါတယ်။”

စစ်ကောင်စီတပ်ဘက်က စစ်အင်အားတွေ ဖြည့်တင်းထားပြီး တပ်ရဲ့ရှေ့ဦးကနေ လက်နက်ကြီးနဲ့ ဦးတည်ရာမရှိ ပစ်ကူတိုက်ခိုက်ပြီး နောက်ကနေ စစ်ကောင်စီ စစ်ကြောင်းတွေ ချီတက်လာကြတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုကြောင့် မိုးဗြဲမြို့မှာတော့ ရက်ဆက်တိုက်ပွဲ ဖြစ်ပွားတာ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ၅ ရက်လောက်ရှိလာပြီလို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။

“မိုးဗြဲမြို့ပတ်ဝန်းကျင်တော့ ထိတွေ့တိုက်ပွဲတွေက ဖြစ်နေတာ ၄-၅ ရက်လောက်ရှိပါပြီးပေါ့နော်၊ ထိတွေ့ တိုက်ပွဲ အငယ်လေးတွေ စပြီးတော့ ပွားဖြစ်တာဖြစ်ပါတယ်။”

မနေ့က တနေကုန် စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။

“တိုက်ပွဲက ဘယ်လောက်ထိဖြစ်နေလဲ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူးပေါ့နော်။ ဒါပေမယ့် မနေ့ကတော့ တကယ် အသားကုန်ထု (လက်နက်ကြီးနဲ့တအားပစ်ခတ်) နေတယ်ပေါ့နော်။ သူတို့ (စစ်ကောင်စီ) ကတော့ သိတဲ့အတိုင်းပေါ့ ၂ ရက်-၃ ရက် သူတို့ထုပြီးမှ မနေ့က (စစ်ကြောင်း) တက်လာတယ်လို့တော့ ကြားတယ်ပေါ့၊ ဒါပေမယ့် သတင်းအချက်အလက်က ကျနော်လည်း အသေးစိတ်မသိဘူးပေါ့နော်။”

တိုက်ပွဲမဖြစ်ခင်ရက်ပိုင်းအတွင်းမှာလည်း ဖယ်ခုံမြို့နယ်အရှေ့ပိုင်းနဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေလို့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ စိုးရိမ်ကြောက်လန့်နေကြပြီး တချို့က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ ကရင်နီ လူ့အခွင့်အရေး တည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောထားပါတယ်။ မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ကောင်စီက အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။

“လွိုင်ကော်ကနေလည်း ပစ်ကူတာရှိတယ်၊ ဖယ်ခုံမြို့ပေါ်ကနေ ပစ်ကူတာရှိတယ်။ နောက် ကျနော်တို့ လွိုင်လင်လေးကနေ ပစ်ကူပြီးတော့မှ ဘယ်ကိုပစ်လဲဆိုတော့ ဒီဖက် မိုးဗြဲမြို့ပေါ်ကို ပစ်နေတာပေါ့နော်။ အဲ့ဒီဘက်မှာ တိုက်ပွဲကတော့ အစပိုင်းက တိုက်ပွဲမဖြစ်ဘူး၊ ဒါပေမယ့် ဒီရက်ပိုင်း တော့ တိုက်ပွဲဖြစ်တာ တော့ ကျနော်တို့ ကြားတယ်ပေါ့နော်။ အခုတိုက်ပွဲက စစ်ကောင်စီက မိုးဗြဲမြို့ကိုပဲ ပိုပြီးတော့မှ မဲပြီး တော့မှ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုတာရှိတယ်။ ဖယ်ခုံမြို့ပေါ်မှာကတော့ သူတို့ (စစ်ကောင်စီ) လက်ထဲရောက်သွားတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ကတော့ အဲ့ဒါက အသေးစိတ် မသိဘူးပေါ့နော်။”

စစ်ကောင်စီတပ်က လနဲ့ချီကြာ ထိုးစစ်ဆင် လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းအသုံးပြု အပြင်းအထန် ခုခံတိုက်ခိုက်ပြီး နိုဝင်ဘာလကုန်ပိုင်းလောက်က ဖယ်ခုံမြို့ပေါ်ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ် လိုက်ပါတယ်။ အဲ့ဒီနောက် မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာပါ။ လတ်တလော မိုးဗြဲတိုက်ပွဲနဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး

Forum

XS
SM
MD
LG