သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲရောက်စစ်ရှောင်တွေ စားနပ်ရိက္ခာ အခက်ကြုံ


ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)
ကရင်နီပြည်မှာ စစ်ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်)

မြန်မာနိုင်ငံ နေရာအနှံ့ စစ်မီးတွေ ကျယ်ပြန့်လာတာကြောင့် စစ်ပြေးဒုက္ခသည်အများစုက ဘေးကင်းတဲ့ဒေသတွေဆီ တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ကြရတဲ့အထဲ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ စစ်ဘေးရှောင်တွေလည်း ပါဝင်ပါတယ်။ ကာလကြာရှည် စစ်ဘေးတိမ်းရှောင်နေရတဲ့ မိုးဗြဲစစ်ရှောင်တွေအတွက် အလှူရှင်တွေ မရှိလို့ ကြုံရာကျပန် နေ့စားအလုပ် အငှားလိုက်ပြီး စားရေးသောက်ရေးအတွက် ရုန်းကန် ဖြေရှင်းနေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရတဲ့ စစ်ရှောင်က ဗွီအိုအေကို ပြောပါတယ်။ နေ့စားအငှားလိုက်တဲ့ အလုပ်တွေ ပုံမှန်ရှိရင် အဆင်ပြေကြပေမယ့် နေ့စဉ် ပုံမှန်အလုပ်မရှိတဲ့အခါ အတော်လေး အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။ ဒီကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုစည်သူ က ပြောပြပါမယ်။

လတွေနဲ့ချီ ကာလကြာရှည် စစ်ပြေးဒုက္ခသည်တွေအတွက် အရင်ကလို လှူဒါန်းမယ့်သူတွေ မရှိသလောက်ဖြစ်လာတယ်လို့ မိုးဗြဲ စစ်ဘေးရှောင်တွေက ပြောပါတယ်။ လက်ရှိချိန်မှာ နေရာအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာတာကြောင့် စစ်ပြေးဒုက္ခသည်အများစုက ဘေးကင်းတဲ့ဒေသတွေဆီ တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ကြရတာပါ။ ယာယီတဲတည်ဆောက်ဖို့၊ မီးဖိုချောင်သုံးပစ္စည်း၊ အိုးခွက်ပန်းကန်ကအစ လိုအပ်ပြီး အစကနေ ပြန်တည်ထောင်နေရလို့ ပိုမို ခက်ခဲလာတယ်လို့ မိုးဗြဲ စစ်ဘေးရှောင်တွေကပြော ဆိုကြပါတယ်။

ဒီလို အလှူရှင်တွေ မရှိလို့ ကြုံရာကျပန်း နေ့စားအလုပ် အငှားလိုက်ပြီး စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။

နေ့စားအငှားလိုက်တဲ့ အလုပ်တွေ ပုံမှန်ရှိရင် အဆင်ပြေကြပေမယ့် နေ့စဉ်ပုံမှန်အလုပ်မရှိတဲ့အခါ အတော်လေး အခက်ကြုံနေရတယ်လို့ ဘေးလွတ်ရာကို တိမ်းရှောင်နေတဲ့ မိုးဗြဲမြို့ခံတစ်ဦးက ပြောပါတယ်။ ကြုံရာနေ့စားအလုပ် ပုံမှန်ရရှိဖို့ အဓိက ခေါ်စိန်မှုဖြစ်တဲ့အကြောင်း မိုးဗြဲမြို့ခံက ခုလိုပြောပါတယ်။

“အလုပ်အကိုင်ရရှိဖို့ပေါ့နော်။ ဒါအလုပ်အကိုင်ရှိမှကို အဆင်ပြေတာပေါ့နော်။ ကိုယ်ရှောင်တဲ့နေရာမှာ အခုချိန် ပြောင်းတွေ ချိုးတာပေါ့၊ အရင်စိုက်ထားတဲ့ ပြောင်းဖူးတွေ တချို့ဒေသက ဒီအချိန်မှ ချိုးတာတွေပေါ့နော်။ အလုပ်အငှား လိုက်တာတွေပေါ့နော်။ ဒီမှာ အိတ်တွေ ကုန်ထမ်းတာ အဲ့လိုမျိုးပေါ့။ ပြီးမှ ကိုယ်ရောက်တဲ့ရွာမှာ မြက်ပေါင်းလိုက်ရှင်းမယ်တို့၊ ဘာဖြစ်ဖြစ်ပေါ့ အလုပ်ရှိဖို့ပေါ့နော်။ ဘာလို့ဆို ဒီအလှူရှင်တွေနဲ့ မျှော်လို့မရဘူးနော်၊ စစ်ဘေးရှောင် လူသားစာနာထောင့်ထားရေးအဖွဲ့ကလည်း အလုံစုံတော့ လုပ်မပေးနိုင်ဘူးပေါ့။ ခက်ခဲဆုံးက ဒီအလုပ်ပေါ့ အလုပ်ရှိမှ နည်းနည်းပိုအဆင်ပြေ၊ အလုပ်ရှိမှဆို ကိုယ်က တဲကုတ်လေးပဲ နေရနေရပေါ့နော်။ မီးဖိုချောင်းပစ္စည်း အသေးအမွှားကနေစ အကုန်လုံးလိုအပ်တာပဲ။”

နောက်ထပ် မိုးဗြဲ စစ်ရှောင်တစ်ဦးက ရှေ့ဆက်ပြီး ဘယ်လိုအခက်အခဲမျိုး ထပ်ကြုံရမလဲဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။

“မိသားစုအလိုက်ကျတော့ ရုန်းကန်ရတာပေါ့။ ဘာဖြစ်ဆို နေ့စားသော်လည်းကောင်း ပေါ့နော်။ ဒီလိုမျိုးလှုပ်ရှားနေရတာပေါ့။ အခက်အခဲဆုံးဆိုလည်း နေထိုင်စားဝတ်နေရေးမှာ ပြောသော်လည်းကောင်၊ ကျနော်တို့အခက်အခဲက ဒါ ဘယ်လိုမျိုးထပ်ဖြစ်လာမလဲဆိုတာ ပြောလို့မရသေးဘူးပေါ့။”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁၁၁ စစ်ဆင်ရေးတိုက်ပွဲ စတင်ကတည်းက မိုးဗြဲမြို့ခံတွေ မြို့လုံးကျွတ် အိုးအိမ်စွန့်ခွာပြီး နီးစပ်ရာ ဒီးမော့ဆို၊ ညောင်ရွှေ၊ ဖယ်ခုံမြို့ဖက်ကို ခိုလှုံလာကြပါတယ်။ ယခုနှစ် ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖယ်ခုံမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာပြီးနောက် ဖယ်ခုံမြို့ခံရော မိုးဗြဲစစ်ရှောင်ပါ ထပ်မံ တိမ်းရှောင်ကြရတယ်လို့ မိုးဗြဲ စစ်ရှောင်တွေက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိ မိုးဗြဲမြို့ထဲမှာ နှစ်ဖက်တိုက်ပွဲ တည်ငြိမ်ပေမဲ့ စစ်ကောင်စီရဲ့ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့နယ်အခြေစိုက်တပ်ရင်းကနေ လက်နက်ကြီး ဆက်လက် ပစ်ခတ်နေဆဲဖြစ်တယ်လို့ မိုးဗြဲ စစ်ရှောင်က ပြောပါတယ်။

“လက်နက်ကြီးက ဒီရက်ပိုင်း မိုးဗြဲမြို့ထဲကိုပေါ့နော်။ ပုံမှန်ကျတုန်းပဲထင်တယ်။ တစ်ရက် တစ်လုံး သုံးလုံးနဲ့ပေါ့။ အဲ့ဒါကြောင့် ဒီ မပြန်နိုင်သေးပါဘူး ခုအချိန်ထိ။ ရမ်းသမ်းထုတယ်၊ အဲ့လိုမျိုးပေါ့နော်။ ဒီ ခမရ(၄၂၂) ပေါ့ ခြေမြန်တပ်ရင်းတွေ ထုတယ်။ နောက်ဖယ်ခုံ (၁၃၆) တပ်ကနေပေါ့ ထုလာတယ်။ ပြီးတော့ ပတ်ပတ်လည်ထုတ်နေတာပဲ။”

စစ်ပြေးဒုက္ခသည်တွေဟာ အစားအသောက်၊ နေရာထိုင်ခင်း၊ အဝတ်အထည်နဲ့ သောက်သုံးရေ စသဖြင့် အခက်အခဲမျိုးစုံနဲ့ အကြီးအကျယ် ကြုံတွေ့နေရတာမို့ ဒေသငြိမ်းချမ်းပြီး နေရပ်ပြန်နိုင်ဖို့ မျှော်လင့်နေကြတယ်လို့ စစ်ဘေးရှောင်နေကြပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG