ကရင်နီနယ်တွေအပေါ် နှစ်သစ်ကူးချိန် စစ်တပ်ဗုံးကြဲ
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည နဲ့ ဇန်နဝါရီ (၁) ရက် မနေ့က နှစ်ရက် ဆက်တိုက် ကယားပြည်နယ် (ကရင်နီ) ဒေသ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဗွီအိုအေကို ပြောပါတယ်။ ကရင်နီတော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံး လိုက်ကြဲနေတာကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။ ကရင်နီဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေမှုအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးည နဲ့ ဇန်နဝါရီ (၁) ရက် မနေ့က နှစ်ရက်ဆက်တိုက် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်ကဗုံးကြဲတိုက်ခိုက်တဲ့အခါ ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ရှိနေတဲ့ ကျေးရွာဘက်ကို ဗုံးကျခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟို ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ပြောပါတယ်။
“မနေ့က ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ကောင်စီဘက်က ညနေပိုင်းလောက်မှာ ဗုံးထပ်ကြဲတယ်လို့ ကြားတယ်ပေါ့နော်။ လူနေတဲ့ ကျေးရွာရဲ့ အနောက်နားလေးမှာလို့ သိရတယ်ပေါ့နော်၊ ဒါပေမယ့် ထိခိုက်မှုတွေတော့ မရှိဘူးလို့ ပြောပါတယ်။”
တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အဓိကပစ်မှတ်ထားပြီး စစ်ကောင်စီ တပ်က လိုက်လံဗုံးကြဲတိုက်ခိုက်နေတာလို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ခုလို ပြောပါတယ်။
“ဒီးမောဆို အနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေလို့ ပြောလို့ရတယ် ပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ ပိုပြီးတော့မှ စစ်ကောင်စီက မဲပြီးတော့ ဗုံးကြဲတာဖြစ်နိုင်ပါတယ်။ ၂၀၂၄ ဒီဇင်ဘာ ၃၁ ညပိုင်းမှာလည်းကြဲတယ်။ နှစ်ကူးတဲ့ အချိန်မှာလည်း ထပ်ပြီးတော့မှ ညနေပိုင်းမှာ ထပ်ကြဲတယ်ပေါ့နော်၊ အဲ့တော့ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နေရာတွေကို စစ်ကောင်စီက ဗုံးတွေနဲ့ လိုက်ကြဲတဲ့ သဘောမျိုးဖြစ်ပါတယ်။”
ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူး ညနေကလည်း နှစ်သစ်ကူးပွဲတော်အတွက် စစ်ရှောင်စခန်းမှာ ခရစ်ယာန်ဘာဝင်တွေ ဝတ်ပြုဆုတောင်းဖို့ ပြင်ဆင်နေကြချိန် စစ်ကောင်စီတပ်က လိုက်လံဗုံးကြဲ တိုက်ခိုက်ခဲ့လို့ လွိုင်ကော်မြိုကနယ် အရှေ့ဘက် ဒေသအခေါ် ဆင်စခန်း စစ်လေးရှောင်စခန်းက ကလေးငယ်အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးတည်ထောင်သူ ဗညားခွန်အောင်က ဗွီအိုအေကို ပြောပါတယ်။
အခုရက်ပိုင်း စစ်ကောင်စီတပ်က ကရင်နီဒေသတခွင် လေယာဉ်နဲ့လိုက်ပြီး ခပ်စိတ်စိတ် ဗုံးကြဲနေမှုကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ဗုံးကြဲခံရတဲ့ နေရာကနေ ဘေးကင်းတဲ့ ဒေသတွေဆီ ထပ်မံပြောင်းရွှေ့နေကြပြီး အခက်အခဲမျိုးစုံရင်ဆိုင်နေရတာလို့ ဆိုပါတယ်။
နှစ်သစ်ကူးကာလ ဆက်တိုက်ဗုံးကြဲနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရှိသူ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
လေကြောင်းရန်ကြောင့် စစ်ဘေးရှောင်အများစုက တနေရာပြီးတနေရာ ပြောင်းရွှေ့နေကြရတာ ကြောင့် အမိုးအကာ၊ ဆေးဝါးနဲ့ စားရေးသောက်ရေး အရေးပေါ်အကူအညီ လိုအပ်နေကြဆဲဖြစ်ပါတယ်။
Forum